ဆင်ခြင်ပြောကြား ထိုစကား 

နှုတ်ဖွင့်ဟတိုင်း၊ ဓားနှင့်ပိုင်းသို့
လေလှိုင်းမို့မောက်၊ ပမာစောက်ထွင်း
မာန်ဟောက်တင်းသည့်၊ ကျိုးကင်းပြစ်သာ
ပြောကြားလာသော ဤသဘော
လူ့မနောတွင် ကိန်းတတ်သည် …။

စကားမှမူ၊ တစ်ဖက်လူအား
သင်းကြူရနံ့၊ သယ်သူဖြန့်၍
သဘောခွေ့ခွေ့၊ ကြင်ယာတွေ့သို့
ပြုံးမပို့လျှင် စကားပင်
ဖွင့်ဆိုချင်လည်း သိမ်းရမည်…။

စိတ်နှလုံး၌၊ ချစ်ပျိုးစိုက်ကာ
ပွေ့ပိုက်လာလျှက်၊ မေတ်္တာခက်မှ
သစ်္စာမျှဝေ၊ တစ်သွေးမတိမ်း
မယိုင်ယိမ်းဘဲ၊ မှန်ရာတည်းကို
မပိုမလို ဆိုရမည် …။

စည်းစိမ်ဥစ်္စာ၊ ဂုဏ်အာဏာနှင့်
မျက်နှာကြီးရာ၊ ဖက်မပါအောင်
သတိဆောင်လျော၊ မောင်သဘောထား
ဤစကား … မှန်ရာကိုသာဆိုရမည် …။

စကားအရာ၊ မှန်ပါစေလင့်
ချိန်မသင့်က၊ ဆိုးဆင့်မလျော်
မတော်လှပြီ၊ မှားတတ်သည်
ချိန်ခါကြည့်၍ ဆိုရမည်…။

ချိန်သင့်အခါ၊ ပြောကြားရာတွင်
ဟုတ်မှန်တရား၊ ဖြစ်မူငြားလည်း
နာကြားအာရုံ၊ ဆင့်ဆိုပုံ၌ ဂရုစိုက်
သူနာလိုအောင်ပြောရမည် …။

စကားအရာ၊ ပျားသကာလို
နားမှာချိုပါစေ…။
သတိထားပြီးစကားဆို
ချိုသာတေးသွားဖြစ်ပါစေ …။

နွေနှင်းပွင့်