အမြင့်ဆုံးကို
ပျံသန်းပါတော့……..
ကလေးရယ်….
နိုးထတော့လေကွာ၊
မနက်အရုံဦး လင်းလာပြီ။
ငှက်လေးတွေ တေးသီနေကြပြီ။
တောင်တွေကို အားပြုပြီး
နေမင်းကြီး ထွက်လာပြီလေ။
သာယာတဲ့ရူခင်းတွေက ဆီးကြိုနေတယ်။
အမှောင်ထဲ နိုးထပါတော့လား။
ကလေးရယ်….
ခြေတစ်လှမ်းနောက်ဆုတ်တာဟာ
ရှေ့ဆက်တိုးဖို့ ဖြစ်ရမှာလေ။
အတိတ်ရဲ့လောင်းရိပ်မှာပဲ
ပျော်မွေ့နေရော့လား။
မင်းရဲ့တန်ဖိုးတွေ ချောင်ပိတ်ခံရတဲ့နေရာမှာ တွယ်တာမနေပါနဲ့တော့။
လောကကြီးက အကျယ်ကြီးပါကွာ။
ကလေးရယ်…..
ကျန်းမာခြင်းဟာ တန်ဖိုးအရှိဆုံး၊
လွတ်လပ်ခြင်းက ပျော်ရွှင်မှုအပေးနိုင်ဆုံး၊
ရှင်သန်နေခြင်းက အရေးကြီးဆုံး တဲ့။
မင်း လိုချင်တဲ့အရာတွေ မင်းမှာ မရှိပေမဲ့
မင်းလိုချင်တဲ့အရာတွေ ရယူဖို့
ရှင်သန်ခွင့်ရနေတယ်လေ။
မင်းရဲ့တောင်ပံတွေ ဖြန့်ပြီး တိမ်တွေပေါ်
အမြင့်ဆုံးကို ပျံသန်းပါတော့။
ပေါလ်လေး

