မရေရာသောနေဝင်ချိန်

မရေရာသောနေဝင်ချိန်

၊    တစ်ရံသောခါ
ငြိမ်သက်သာမော၊နံနက်စောတွင်
နေရောင်မြင်၍၊တွေးထင်ယူဆ
မွန်းတည့်မှသည်၊ အလှဆည်းဆာ
ညနေဆီ …
ရောက်မည်အမှန်ထင်ခဲ့သည် …။

၊    ထင်သမျှလေ၊မှားတတ်ပေသည်
ဌာနေလူ့ရွာ၊ ဤကမ်္ဘာတွင်
ဖွားလာရက်မှ၊ နေ့မျှမကူး
အရုဏ်ဦးတွင်၊တိမ်မည်းခွင်
နေလုံးဖုံး၍ ကွယ်တတ်သည်…။

၊    မွန်းတည့်ချိန်ခါ၊ ရောင်စဉ်ဖြာကျ
နေသာလှ၍၊ စောင်းညနေခင်း
အနောက်ကျင်းသို့၊ စိုင်းပြင်းလို့ဝင်
နေမင်းရှင်ကို၊ မျှော်လျှင်နောင်တ
ဗျာပါဒနှင့်၊ နှစ်ပါးကရမည်
မွန်းတည့်ချိန်လည်းရောက်နေစဲတတ်သည် …။

၊    မင်္ဂလာနံနက်၊ ခက်လက်ဝေဆာ
သစ်တရာမှ၊ ရွက်လှစိမ်းလည်း
မမြဲကြွေတတ်သည် …။

၊    မင်္ဂလာနေ့ခင်း၊ ထိန်ထိန်လင်း၍
နာကင်းလှိုင်လျှက်၊ ခိုင်သစ်ရွက်လည်း
မမြဲကြွေတတ်သည် …။

၊    အမှည့်လည်းကြွေ၊ စိမ်းလည်းကြွေ၏
ဝေသမျှသည်၊ ကြွေဖို့ရာ
နေဝင်ချိန်သည် မသေချာ …။
နေဝင်ချိန်သည် မရေရာ…။

နွေနှင်းပွင့် (၆.၁၀.၂၀၁၈)