ဒီကမ္ဘာပေါ်မှာ အသက်ရှင်ရတဲ့ဘဝဟာ ယုံကြည်အပ်နှံမှုတစ်ခု ဖြစ်တယ်။
ဒီကမ္ဘာပေါ်မှာ အသက်ရှင်ရတဲ့ဘဝဟာ ယုံကြည်အပ်နှံမှုတစ်ခု ဖြစ်တယ်။
ဒါဟာ သမ္မာကျမ်းစာနှင့်ပတ်သက်တဲ့ ဒုတိယ ဘဝဥပစာ ဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အချိန်တွေ၊ အားအင်တွေ၊ ဉာဏ်ပညာတွေ၊ အခွင့်အလမ်းတွေ၊ ခင်မင်ရင်နှီးမှုတွေ၊ အစွမ်းအစတွေ အားလုံးဟာ ဘုရားသခင်ဆီက လာတဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘုရားသခင်က အဲဒီလက်ဆောင်တွေကို ပြုစုထိန်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ပုံအပ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင် ကျွန်တော်တို့ကို ပေးတဲ့အရာအားလုံးကို ထိန်းသိမ်းစီမံရတဲ့ ဘဏ္ဍာစိုးတွေ ဖြစ်ကြပါတယ်။ ဒါကို လက်ခံခြင်းဟာ ဘုရားသခင်က ကမ္ဘာပေါ်ရှိ လူသားအားလုံးနဲ့ အရာအားလုံးကို ပိုင်ဆိုင်သူဖြစ်တယ်ဆိုတာကို သိမှတ်ဝန်ခံခြင်းလည်း ဖြစ်ပါတယ်။
“ထာဝရဘုရားသခင်သည် မြေကြီးနှင့် မြေကြီးပေါ်ရှိ လူသတ္တဝါတို့ကိုလည်းကောင်း၊ လောကနှင့်လောကတွင် ရှိသော အရာတို့ကိုလည်းကောင်း စိုးပိုင်တော်မူ၏။” (ဆာလံကျမ်း ၂၄း၁)
ဒီကမ္ဘာပေါ်မှာ နေထိုင်အသက်ရှင်ရတဲ့ တိုးတောင်းတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ဟာ ဘယ်အရာကိုမှ အမှန်တကယ် မပိုင်ဆိုင်ကြပါဘူး။ ကျွန်တော်တို့ ဒီမှာ အသက်ရှင်နေထိုင်တဲ့အချိန်လေးအတွက် ဘုရားက ဒီမြေကြီးကို ငှါးသုံးခွင့်ပေးထားတာ ဖြစ်တယ်။ သင် လူမဖြစ်ခင်မှာ ဒီကမ္ဘာမြေကြီးဟာ ဘုရားရဲ့ ပစ္စည်းဥစ္စာဖြစ်ပါတယ်။ သင် သေဆုံးပြီးတဲ့နောက်မှာ အခြားသူတစ်ယောက်ကို ဘုရားက ပြန်ငှါးသုံးပါလိမ့်မယ်။ အချိန်ကာလ အနည်းငယ်အတွင်းသာ သင် အသုံးပြုခွင့်ရတာ ဖြစ်တယ်။
ဘုရားသခင်က အာဒမ်နဲ့ဧဝကို ဖန်ဆင်းတုန်းက ဖန်ဆင်းခံအရာအားလုံးကို သူတို့လက်အောက်မှာ ယုံယုံကြည်ကြည်နဲ့ ပုံအပ်ခဲ့ပါတယ်။ သူတို့ဟာ ဘုရားသခင်ပိုင်ဆိုင်တဲ့အရာအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ယုံကြည်အပ်နှံခံရသူတွေ ဖြစ်တယ်။
“အချင်းတို့ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို ၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎င်း၊ အုပ်စိုးကြလော့ ဟု မိန့်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁း၂၈)
ဘုရားသခင်က လူသားတွေကို ပေးတဲ့ပထမဆုံးသော အလုပ်တာဝန်ဟာ ကမ္ဘာပေါ်မှာ သူဖန်ဆင်းထားတဲ့အရာတွေကို စီမံခန့်ခွဲဖို့၊ ပြုစုစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒီတာဝန်ဝတ္တရားကို ဘယ်တုန်းကမှ ပြန်ပြီး မဖျက်သိမ်းခဲ့ဘူး။ ဒီတာဝန်ဝတ္တရားဟာ ဒီကနေ့ ကျွန်တော်တို့ တည်ရှိနေခြင်း ရည်ရွယ်ချက်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ဆောင်တဲ့အရာတိုင်းကို ဘုရားသခင်က ကျွန်တော်တို့လက်ထဲမှာ ယုံကြည်စွာအပ်နှင်းထားတဲ့ တာဝန်တစ်ခုဖြစ်တယ်လို့ အမြဲခံယူထားရပါမယ်။
“သင်တို့ မခံယူခဲ့ရသောအရာဟူ၍ မည်သည့်အရာရှိသနည်း။ အကယ်၍ သင့်တို့ခံယူရရှိထားကြပါလျှင် ယင်းသည် ကျေးဇူးတော်မဟုတ်သကဲ့သို့ အဘယ်ကြောင့် သင်တို့ကြွားဝါးနေကြသနည်း။” (ကော်ရိန့်သုသြဝါဒစာ ပထမစောင် ၄း၇)
လွန်ခဲ့တဲ့ နှစ်၊ အားလပ်ရက်အပန်းဖြေခရီးသွားချိန်တုန်းက စုံတွဲတစ်တွဲက ဟိုင်ဝါယီကျွန်း ကမ်းခြေနားမှာရှိတဲ့ သူတို့ရဲ့လှပတဲ့ အိမ်တစ်လုံးကို ကျွန်တော့်တို့ ဇနီးမောင်နှံကို စိတ်ကြိုက် အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ လုံးဝကို မျှော်လင့်မထားတဲ့အရာ ဖြစ်တယ်၊ လုံးဝကို ငှါးသုံးနိုင်မှာလည်း မဟုတ်တဲ့ အိမ်တစ်လုံးဖြစ်တယ်။ ကျွန်တော်တို့ အတိုင်းမသိ ဝမ်းသာဝမ်းမြောက်ခဲ့ရပါတယ်။ ‘သင်တို့ရဲ့ အိမ်လို သဘောထားပြီး ကြိုက်သလိုနေပါ’လို့ သူတို့ ပြောတဲ့အတိုင်းပဲ ကိုယ်အိမ်လို သဘောထားပြီး အင်မတန်မှ ပျော်ခဲ့ရပါတယ်။ ရေကူးကန်မှာ ရေကူးခဲ့ကြတယ်။ ရေခဲသေတ္တာထဲက အစားအစာတွေကို အားရပါးရ စားခဲ့ကြတယ်။ ရေချိုးသုတ်ပဝါ၊ ထမင်းပန်ကန်တွေ ကြိုက်သလို ယူသုံးခဲ့ကြတယ်။ အပျော်သဘောနဲ့ အိပ်ရာပေါ်မှာ ကခုန်ပြီးဆော့ကစားခဲ့ကြသေးတယ်။ ဒါပေမယ့် ဒီအရာတွေဟာ ကျွန်တော်တို့ ပိုင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူးဆိုတာ အမြဲသတိကပ်နေပါတယ်။ ဒါ့ကြောင့် အရာအားလုံးကို သေချာ ဂရုတစိုက် သုံးကြပါတယ်။ အိမ်ကို မပိုင်ပေမယ့် ကိုယ်အိမ်လို အသုံးပြုရတဲ့ အခွင့်ထူး၊ အကျိုးကျေးဇူးတွေကို ခံစားခဲ့ကြရတယ်။
“သင် ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူးဆိုရင် သင် ဂရုတစ်စိုက် အသုံးပြုမှာ မဟုတ်ဘူး”လို့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်က ဆိုပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေဟာ အဲဒီယဉ်ကျေးမှုထက် မြင့်မားမွန်မြတ်တဲ့ အဆင့်အတန်းတစ်ခုမှာ နေထိုင်အသက်ရှင်ကြရပါတယ်။ “အဲဒီအရာတွေကို ဘုရားက ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ဂရုတစိုက် ကိုင်တွယ် အသုံးပြုကြရမယ်”ဆိုတဲ့ ခံယူချက်မျိုး ကျွန်တော်တို့ ခရစ်ယာန်တွေမှာ ရှိကြပါတယ်။
“စီမံအုပ်ချုပ်သူတိုင်းသည် ယုံကြည်စိတ်ချရသူများဖြစ်ရန် လိုအပ်ပေ၏။”(ကော်ရိန့်သုသြဝါဒစာ ပထမစောင် ၄း၂)
သခင်ယေဇူးက ဘဝကို ယုံကြည်အပ်နှံမှုတစ်ခုအဖြစ် အမြဲတမ်း ရည်ညွန်းပြောဆိုလေ့ရှိပါတယ်။ ဘုရားပေးထားတဲ့ ဒီတာဝန်ဝတ္တရားကို ဖော်ပြတဲ့ ပုံဥပမာတော်တော်များများကို ပြောခဲ့ပါတယ်။ ငွေအပ်ထားခြင်းပုံဥပမာထဲရှိ (ရှင်မာတေးဦး ၂၅း၁၄-၂၉) လုပ်ငန်းရှင် သဋ္ဌေးကြီးဟာ ခရီးသွားမသွားခင်မှာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို သူ့ရဲ့အစေံတွေဆီမှာ၊ ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပါတယ်။ သူ ပြန်လာတဲ့အချိန်မှာ အစေခံတစ်ဦးစီရဲ့ တာဝန်ဝတ္တရားတွေကို ပြန်လည် သုံးသပ်စစ်ဆေးပြီး သူတို့ရဲ့အထိုက်အလျောက် ဆုတော်တွေ ချီးမြှင့်ပါတယ်။
“ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အနည်းငယ်သောအမှုတို့၌ သစ္စာရှိသောကြောင့် များစွာသောအမှုအရာတို့ကို သင့်အား ငါပေးအပ်မည်။ သင့်သခင်၏ ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့” လို့ (ရှင်မာတေဦး ၂၅း၂၁) သူ့သခင် လုပ်ငန်းရှင်သဋ္ဌေးက ပြောပါတယ်။
သင့်ဘဝရဲ့ နောက်ဆုံးအချိန်မှာလည်း သင့်ရဲ့လုပ်ရပ်တွေကို ဘုရားက ပြန်လည်သုံးသပ်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဘုရားသခင်က သင့်ဆီမှာ အပ်နှင်းထားတဲ့ အရာတွေကို သင် ဘယ်လိုစီမံကိုင်တွယ် အသုံးပြုသလဲဆိုတဲ့အပေါ်မူတည်ပြီး ဆုလာဘ်တော်တွေ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါဟာ သင် နေ့စဉ်လုပ်ရတဲ့ အိမ်မှုဝေယျဝစ္စတွေကအစ၊ သင်လုပ်သမျှ အရာအားလုံးဟာ တမလွန်ဘဝနဲ့ဆက်နွယ် အကြောင်းပါနေတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။
ဘုရားက အရာအားလုံးကို သင့်အပေါ် ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာတွေအဖြစ် လက်ခံအသုံးပြုမယ်ဆိုရင် တမလွန်ဘဝအတွက် ဆုလာဘ်တော် (၃)ခုကို ဘုရားက ကတိတော်ရှိပါတယ်။ ပထမဆုံး ဆုလာဘ်ကတော့ ဘုရားသခင်က သင့်ဘက်မှာ မာမာမတ်မတ် ရပ်တည်ပေးခြင်း ဖြစ်ပါတယ်။ “ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း”လို့ သင့်ကို အသိအမှတ်ပြုပြီး ချီးမွမ်းပါလိမ့်မယ်။ ဒုတိယဆုလာဘ်ကတော့ အဆင့်ရာထူးတို့မြှင့်ခြင်း ခံရပါလိမ့်မယ်။ ပိုပြီးတော့ ကြီးလေးမြင့်မြတ်တဲ့ တာဝန်ဝတ္တရားကို တမလွန်ဘဝမှာ ပေးအပ်ပါလိမ့်မယ်။ “များစွာသော၊ အမှုအရာတို့ကို သင့်အား ငါ ပေးအပ်မည်” လို့ သင့်ကို ပြောပါလိမ့်မယ်။ နောက်ဆုံးဆုလာဘ်တစ်ခုကတော့ သင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲတော်ကျင်းပပေးခြင်း ဖြစ်တယ်။ “သင့် သခင်၏ ဝမ်းမြောက်ခြင်း၌ ပါဝင်ခံစားလော့။” လို့ သင့်ကို ဖိတ်ခေါ်ပါလိမ့်မယ်။
ငွေကြေးဟာလည်း ဘုရားသခင်က ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးမှုတစ်ခုအဖြစ်ပေးတဲ့အရာ ဖြစ်သလို ယုံကြည်အပ်နှင်းတဲ့ အရာ ဖြစ်တယ်ဆိုတာ လူအများက မသိနားမလည်ကြဘူး။ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့သိရအောင် ဘုရားသခင်က ငွေကြေးကို အသုံးပြုတာ ဖြစ်တယ်။ လူတော်တော်များများအတွက်တော့ ငွေဟာ အကြီးမားဆုံးသော၊ အခက်အခဲဆုံးသော ဘုရားရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ထိ ယုံကြည်အားထားထိုက်တဲ့
သူတွေဖြစ်တယ်ဆိုတာ သိရအောင် ဘုရားက ငွေကို အသုံးပြုပြီး စောင့်ကြည့်နေပါတယ်။
“သင်တို့သည် မစင်ကြယ်သောဥစ္စာစည်းစိမ်၌ သစ္စာမရှိကြလျှင် မည်သူသည် စစ်မှန်သော ဥစ္စာစည်းစိမ်ကို သင့်တို့၌ အပ်နှံထားမည်နည်း။” (ရှင်လုကာ ၁၆း၁၁)
ဒီအရာဟာ စစ်မှန်တဲ့ အမှန်တရား တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝိညာဉ်ရေးအသက်တာနဲ့ ကျွန်တော်တို့ ငွေကို ဘယ်လိုအသုံးပြုသလဲဆိုတဲ့ အရာနှစ်ခုဟာ တိုက်ရိုက်ဆက်နွယ်ပတ်သက်နေပါတယ်။ ကျွန်တော်တို့ဟာ ငွေတွေ(လောကီရေးရာတွေ)ကို ဘယ်လိုစီမံခန့်ခွဲပြီး အသုံးပြုသလဲဆိုတာက ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ ကောင်းချီးမင်္ဂလာတွေ၊ စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုတွေကို ဘုရားသခင်က ဘယ်အတိုင်းအတာထိ ပေးအပ်မလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ သင့်ကို မေးခွန်းတစ်ခုလောက်မေးပါရစေ။ သင့်ရဲ့ငွေတွေကို ကိုင်တွယ်တဲ့ နည်းလမ်းတွေက သင့်ကို ဘုရားက ကောင်းချီးတွေ ပိုပြီး ပေးသနားဖို့ အဟန့်အတားတွေ ဖြစ်နေပါသလား။ ဝိညာဉ်ရေးဆိုင်ရာ ကြွယ်ဝမှုတွေကို အပ်နှင်းခံရဖို့ သင်ဟာ ထိုက်တန်ပါသလား။
“ကျေးဇူးများစွာ ခံစားရသောသူတိုင်းသည် များစွာ ပေးဆပ်ရလိမ့်မည်။ ထို့အတူ များစွာအပ်နှံထားခြင်းခံရသောသူထံမှ သူတို့သည် များစွာ တောင်းခံကြလိမ့်မည်။” (ရှင်လုကာ ၁၂း၄၈)
ဘဝဟာ စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့ ယုံကြည်အပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ ဘုရားက သင့်ကို အများကြီးပေးလေလေ၊ သင့်ထံကနေ တာဝန်ခံမှု၊တာဝန်ယူမှုတွေကို ပိုပြီး မျှော်လင့်ပြီး တောင်းဆိုလေလေပဲ ဖြစ်ပါတယ်။
၃.၆.၂၀၁၉
တနင်္ဂလာနေ့
Note: What on Earth am I here for? By Rick Warren စာအုပ်မှ ထုတ်နှုတ်၍ ပြန်ဆိုသည်။