Untitled Document
Untitled Document

Francis Xavier (1506-52)
ဖရန့်စစ် ဆေးဗီယား

ဒီဇင်ဘာ ၃ ရက်နေ့
 Francis Xavier (1506-52)
ဖရန့်စစ် ဆေးဗီယား

-    သာသနာပြုခရီး
    ၁၆ ရာစု၌ အရှေ့တိုင်းဒေသသို့ ရောက်ရှိနေသော ဥရောပတိုက်မှ လူငယ်တစ်ဦး၏ အတွေ့အကြုံကို ဖော်ပြမည်ဆိုပါက ယဉ်ကျေးမှုမတူခြားနားမှု၊ နေသားတကျမဖြစ်မှုကို အထင်သေးလျော့တွက်ရာ ရောက်ပေမည်လောဟု ဆိုချင်မိပါသည်။ ပထမရာစုအတွင်း မြေထဲပင်လယ် အရှေ့မြောက်ဒေသများ၌ ဧဝံဂေလိတရား ဟောကြားခဲ့သော ရှင်ပေါလု (ဇွန်လ ၂၉) ကဲ့သို့ ဖရန့်စစ်ဆေးဗီယားသည် သာသနာပြုခရီးရှည်ကြီးတစ်ခုကို ခြေစုံပစ် လျှောက်လှမ်းခဲ့သူ ဖြစ်သည်။

    ဖရန့်စစ်သည် လိုယိုလာမြို့မှ အီညားစီအူးစ် (ဇွန်လိုင် ၃၁) တည်ထောင်သော ယေဇူး၏အသင်းဂိုဏ်း(Ignatius of Loyola’s society of Jesus) သို့ ပထမဆုံးဝင်ရောက်လာသည့် ဒါဇင်ဝက်ခန့်သော လူများထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။ ဤစပိန်နယ်သားများသည် သက္ကရာဇ် ၁၅၃၀ ခုနှစ်၊ နှစ်စောပိုင်းကာလတွင် ပါရီတက္ကသိုလ် (University of Paris) ၌ ပညာဆည်းပူးခဲ့ကြ၍ မိတ်ဆွေအရင်းအချာများ ဖြစ်ကြသည်။ ၁၅၃၄ ခုနှစ်တွင် သူတို့အားလုံးသည် ဗီနစ်မြို့တွင် ရဟန်းသိက္ခာကို ခံယူခဲ့ကြသည်။

    တိုင်းတစ်ပါး၌ သာသနာပြုအမှုတော်ဆောင်ခြင်းသည် ယေဇူး၏အသင်းဂိုဏ်း၏ ပင်တိုင် ရည်မှန်းချက် ဖြစ်သည်။ ၁၅၄၁ ခုနှစ်တွင် ဖရန့်စစ်သည် အိန္ဒိယအရှေ့ပိုင်းဒေသို့ ဧဝံဂေလိတရား ဟောကြားရန် ပေါ်တူဂီနိုင်ငံမှ ဂိုအာသို့ ရေကြောင်းလမ်းဖြင့် တစ်ကိုယ်တော်ခရီး စတင် ထွက်ခွာလာသည်။ သူ၏ ပင်လယ်ခရီးသည် လပေါင်း ၁၃ လခန့် ကြာခဲ့သည်။ သူသည် လှိုင်းမူးသော ဒဏ်ကြောင့် စိတ်သောကများစွာ ရောက်ခဲ့ရသည်။

    ဖရန့်စစ်သည် သူ့ဘဝ၏ နောက်ဆုံး ၁၀ နှစ်တာ ကာလ၌ ထူးခြားပြောင်မြောက်၍ ရေရှည်အကျိုးသက်ရောက်သော ကောင်းမှုများစွာကို ပြုလုပ်နိုင်ခဲ့သည်။ ပေါ်တူဂီလူမျိုးများသည် ခရစ်ယာန်တရားတော်ကို ဂိုအာ၌ ခိုင်ခံ့စွာ အခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အသင်းတော်နှင့် ခရစ်ယာန်စံနှုန်းအတိုင်း နေထိုင်ကျင့်ကြံမှုသည် ထင်ပေါ်မှု မရှိသေးချေ။ ပေါ်တူဂီနိုင်ငံမှ ခရစ်ယာန်များသည် ဘာသာတရားကိုင်ရှိုင်းခြင်းထက် အကျိုးအမြတ်နှင့် အပျော်အပါး၌သာ ပို၍ စိတ်ဝင်စားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ကျွန်များအပေါ်တွင် ရက်စက်ကြမ်းကြုတ်ကြသည်။ ဆင်းရဲသားများကို လျစ်လျူရှုခဲ့ကြသည်။ အမျိုးသမီးများကို အနိုင်ကျင့်၍ အသားစီး ယူကြသည်။

    အသစ်စက်စက် ရောက်ရှိလာသော သာသနာပြုပုဂ္ဂိုလ်ကြီးနှင့် သူ၏ မိတ်ဆွေဖြစ်သော စီမွန် ရိုဒရစ်ဂတ် (Simon Rodriguer)တို့သည်  ထိုအမည်ခံခရစ်ယာန်များ၏ ပုံသက်သေ အမှားများကို ပြုပြင်မွမ်းမံခဲ့ကြသည်။ ဖရန့်စစ်သည် သူ၏ အပြုအမူ၌ ခရစ်တော်၏ ပုံရိပ် ထင်သားမြင်သာနိုင်ရန်အတွက်  ကြိုးစားလုပ်ကိုင်ခြင်း၊ ဒေသခံတို့၏ ဘာသာစကားကို ဂရုတစိုက် လေ့လာသင်ယူခြင်း၊ သူတစ်ပါး၏ အာရုံကို ယူငင်စွဲမက်စေသော သြဝါဒများ မြွက်ကြားခြင်း၊ ကျမ်းပိုဒ်များကို ခေတ်ပေါ်သံစဉ်များဖြင့် စပ်ဆိုခြင်း စသည့်အရာများ ပြုလုပ်ဆောင်ရွက်သောကြောင့် ဒေသခံတို့၏ ရိုသေလေးစားခြင်းနှင့် စေတနာသဒ္ဓါများကို တဖြည်ဖြည်း အရယူနိုင်ခဲ့သည်။ သူသည် ဆင်းရဲသားများကြားတွင် ဆင်းရဲသားတစ်ဦးကဲ့သို့ နေထိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ၊ စီလုံ၊ မလာကာ၊ မိုလူကာကျွန်းစုနှင့် မလေးကျွန်းဆွယ် (southern India, Ceylon, Malacca, the Molucca Islands, and the Malay Peninsula) တို့၌ နှစ်ပေါင်း ၇ နှစ်တာ ကြိုးစားလုပ်ကိုင်ခြင်းကြောင့် ပါရာဗက်အမျိုးအနွယ်များ(lower-caste Paravas) ထဲမှ ခရစ်ယာန်ဘာသာသို့ သက်ဝင်ယုံကြည်သူ အများအပြား ရှိလာခဲ့သည်။

    ဖရန့်စစ်သည် အနောက်ကမ္ဘာရှိ လူအများက လက်လှမ်းမမှီသော ကျွန်းတစ်ကျွန်း ဖြစ်သည်h ဂျပန်နိုင်ငံ၏ သတင်းအချက်အလက်များကို ကြားသိခဲ့ရသည်။ ထိုအချိန်တွင် ဂျပန်နိုင်ငံ၌ အုပ်ချုပ်သူ ဗဟိုအစိုးရဟူ၍ မရှိချေ။ ရာကျော်သော ဒေသခံခေါင်းဆောင်များက မိမိတို့၏ နိုင်ငံကို အုပ်ချုပ်ကြသောကြောင့် တိုင်းတစ်ပါးမှ ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အခက်အခဲ ထူးထူးထွေထွေ မရှိခဲ့ပေ။ ၁၅၄၉ ခုနှစ်တွင် ဖရန့်စစ်သည် ဂျပန်ကမ်းခြေသို့ ဆိုက်ရောက်လာခဲ့ပြီး သူ၏ သာသနာပြုခရီး၏ ဒုတိယခြေလှမ်းကို စတင်လျှောက်လှမ်းခဲ့သည်။

    ဖရန့်စစ်သည် ခရစ်ယာန်အယူဝါဒနှင့်ဆိုင်သော အကြောင်းအရာ အတိုအထွာများကို ဂျပန်ဘာသာစကားသို့ ပြန်ဆိုရေးသားခဲ့သည်။ ကာရိုရှီမာ(Kagoshima) မြို့သူမြို့သား ရာကျော်တို့သည် တစ်နှစ်အတွင်း သက်ဝင်ယုံကြည်လာကြရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဖရန့်စစ်က ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။ ထို့နောက် အခြားသော မြို့များသို့ သာသနာပြုခရီး ဆက်ခဲ့သည်။ ဂျပန်ယဉ်ကျေးမှုကို လေးစားမှုပြ၍ ရင်းနှီးမှုရယူရန်မှာ သူ၏ သာသနာပြုသောနည်းလမ်းကို ပြောင်းလဲရမည်ဟူသော လိုအပ်ချက်ကို ဖရန့်စစ်သည် သိမြင်လာခဲ့သည်။ သူ တတ်နိုင်သည်ထက် ပို၍ ဈေးကြီးတန်ဖိုးရှိသည့် လက်ဆောင်ပဏ္ဍာများကို မဆက်သနိုင်လျှင် မီရာကိုမြို့(Miyako- Kyoto today) ရှိ၊ မီကာဒို( Mikado) လူမျိုးများနှင့် တွေ့ဆုံ ရင်းနှီးမှုရယူရန် မဖြစ်နိုင်ကြောင်းကိုလည်း သိမြင်လာခဲ့သည်။ ထို့ကြောင့် ဆင်းရခြင်းပါရမီကို ကျင့်ဆောufတည်နေသည့်ဘဝကို စွန့်၍ ခမ်းနားထည်ဝါသော အဝတ်အစားများဖြင့် စတင်ဆင်းမြန်းလာခဲ့သည်။ လက်ဆောင်ပဏ္ဍာများအဖြစ် အသုံးပြုရန် ပေါ်တူဂီနိုင်ငံမှ အထူးပြုလုပ်ထားသောပစ္စည်းများကို မှာယူခဲ့သည်။ နယ်ခံမြေခံရှိ ယဉ်ကျေးမှုနှင့် တစ်သားတည်းကျလာ၍ ရင်းနှီးမှုရှိလာသောအခါ အကျိုးအဆက်အနေဖြင့် စွန့်ပစ်ထားသော ဗုဒ္ဓဘုန်းကြီးကျောင်းဟောင်းများကို ခိုလှုံအသုံးပြုခွင့် ရရှိခဲ့သည်။

     ဖရန့်စစ်သည် တစ်ဦးတည်း သာသနာပြုသည့် အချိန်ကာလ နှစ်နှစ်ကျော်ရှိလာသောအခါ ဘာသာဝင်ဦးရေ ၂၀၀၀ ခန့်သော ယုံကြည်သူ၊ အစုအဝေးကို တည်ထောင်နိုင်ခဲ့သည်။ သူတို့သည် ခရစ်ယာန်ဘာသာဝင်သစ်များ ဖြစ်သော်လည်း နောက်တစ်နှစ်တာအတွင်း (ဖေဖော်ဝါရီ ၆)၌ အသက်အန္တရာယ်ခြိမ်းခြောက်သည့် ညှင်းပန်းနှိပ်စက်ခြင်းများနှင့် ကြုံတွေ့ရသည်တိုင်အောင် သူတို့၏ ယုံကြည်ခြင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ သူသည် စိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန် သူနောက်လိုက်လာမည့် အခြားသော သာသနာပြုများအတွက် ဂျပန်လူမျိုးများ၏ ဝိညာဉ်ရေး မြေခံရေခံကို ကောင်းမွန်စွာ ပြင်ဆင်မွမ်းမံပေးခဲ့သည်။

    ဖရန့်စစ်သည် တရုတ်ပြည်သို့ သွားရောက်၍ ရှေ့ဆက်သာသနာပြုရန် ကြံရွယ်ခဲ့သည်။ တရုတ်ပြည်ကြီးသည် တိုင်းတစ်ပါးမှ လာရောက်သော ခရီးသည်များကို ပျူငှာကြိုဆိုခြင်း မရှိလှသော်လည်း ဖရန့်စစ်သည် ဧဝံဂေလိသတင်းကောင်းကို တရုတ်ပြည်၌ မျှဝေဟောပြောရန် ပြင်းပြသောစိတ်ဆန္ဒများ သူ့၌ ကိန်းအောင်းနေခဲ့သည်။ ၁၅၅၂ ခုနှစ်တွင် ခက်ခဲကြမ်းတမ်း၍ ပုန်းလျှိုးကွယ်လျှိုး သွားရသော ပင်လယ်ခရီးဖြင့် ကန်တုန်(Canton)သို့ ခရီးနှင်းရာတွင် ဖရန့်စစ်သည် အဖျားရောဂါ ကြီးစွာခံစားခဲ့ရသည်။ လှိုင်းမူးဒဏ်နှင့် ဖျားနာရောဂါကြောင့် မခံမရပ်နိုင်အောင် ဝေဒနာခံစားခဲ့ရ၍ တရုတ်ကမ်းရိုးတန်းကို လှမ်းမြင်နိုင်သော ကျွန်းတစ်ကျွန်း၏ ကမ်းခြေတစ်ခု၌ ကမ်းကပ်ရန် တောင်းဆိုခဲ့သည်။ ဖရန့်စစ်သည် ပင်းပန်နွမ်းနယ်၍ တစ်စတစ်စ အားအင်ချိနှဲ့လာမှုကြောင့် အသက်တော် ၄၆ နှစ်တွင်  လူသူကင်းမဲ့သောထိုနေရာတွင် အသက်တော် ချုပ်ငြိမ်းခဲ့သည်။ သူ၏ ဈာပနာ၌ လူလေးဦးသာ တက်ရောက်ခဲ့သည်။

မှတ်ချက်။    ။ “Butler’s Lives of the Siants” စာအုပ်မှ ပြန်ဆိုသည်။

တောင်ကတုံး(နှင်းပွင့်)



2019-12-17 22:59:05
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.