Untitled Document
Untitled Document

ဘဝဆိုတာ ယာယီခန့်အပ်ထားတဲ့ တာဝန်တစ်ခုဖြစ်တယ်။

ဘဝဆိုတာ ယာယီခန့်အပ်ထားတဲ့ တာဝန်တစ်ခုဖြစ်တယ်။
   
    “အို- ထာဝရဘုရားသခင်၊ အကျွန်ုပ်၏ဘဝလမ်းဆုံးကို သိမြင်ခွင့်ပေးတော်မူပါ။     အကျွန်ုပ်နေထိုင်မည့်နေရက်များ၏ အရေအတွက်ကိုလည်းကောင်း၊ အကျွနု်ပ်၏     ဘဝအသက်တာသည် မတည်မြဲကြောင်းကိုလည်းကောင်း၊ သိမြင်ခွင့်ပေးတော်မူပါ။”
                                    (ဆာလံကျမ်း ၃၉း၄)

    “အကျွနု်ပ်သည် ကမ္ဘာပေါ်တွင် ဧည့်သည်မျှသာ ဖြစ်ပါ၏။”
                            (ဆာလံကျမ်း ၁၁၉း၁၉)

လက်ရှိဘဝအသက်တာသည် ယာယီခန့်အပ်ထားသော တာဝန်တစ်ခုသာ ဖြစ်သည်။
    ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရတဲ့ ဘဝအသက်တာဟာ မတည်မြဲတဲ့ သဘောရှိပါတယ်။ တိုးတောင်လှတဲ့အချိန်ကာလတစ်ခုသာ ဖြစ်ပြီး ယာယီမျှသာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကို သင်ကြားပေးတဲ့ ဥပစာတွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်တစ်အုပ်ကတော့ သမ္မာကျမ်းစာပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ မြူးခိုးနဲ့တူတယ်။ ဘဝဆိုတာ အပြေးမြန်သမားနဲ့တူတယ်။ အသက် တစ်ခါ ရှူရှိုက်တာနဲ့တူတယ်။ မျက်စိတစ်မှိတ်မျှသာ ဖြစ်တယ်။ မီးခိုငွေ့နဲ့တူတယ်။ သမ္မာကျမ်းစာကို ဒီလိုဆိုထားပါတယ်။
    “ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။” (ယောဘ ၈း၉)

    သင့်ဘဝကို အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုရင် ဒီအမှန်တရားနှစ်ခုကို မမေ့ပါနဲ့။ ပထမ အမှန်တရားကတော့ ထာဝရအသက်တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီဘဝဟာ အင်မတန် တိုးတောင်းလွန်လှပါတယ်။ ဒုတိယအမှန်တရားကတော့ ဒီကမ္ဘာဟာ ယာယီတည်ခိုးရာနေရာသာ ဖြစ်ပါတယ်။ သင်ဟာ ဒီမှာ ကြာကြာနေရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သံယောဇဉ်တွေ အလွန်အကျွံ မတွယ်တာပါနဲ့။ ဒီလောကီဘဝအသက်တာကို ဘုရားသခင်က တွေ့မြင်သလို သင်လည်း တွေ့မြင်နိုင်အောင် ဘုရားဆီမှာ အကူအညီတောင်းခံပါ။ ဒါဝိဒ်မင်းကြီးဟာ အခုလို ဆုတောင်းခဲ့ပါတယ်။
    “အို ထာဝရဘုရားသခင်၊ အကျွနု်ပ်၏ ဘဝလမ်းဆုံးကို သိမြင်ခွင့်ပေးတော်မူပါ။ အကျွန်ုပ်နေထိုင်ရမည့် နေ့ရက်များ၏ အရေအတွက်ကို လည်းကောင်း၊ အကျွန်ုပ်၏ ဘဝအသက်တာသည် မတည်မြဲကြောင်းကို လည်းကောင်း သိမြင်ခွင့်ပေးတော်မူပါ။” (ဆာလံကျမ်း ၃၉း၄)

    သမ္မာကျမ်းစာက ဒီလောကီအသက်တာကို သူစိမ်းတစ်နိုင်ငံမှာ ယာယီနေထိုင်နေရတဲ့ဘဝနဲ့ ခိုင်းနှိုင်းဖော်ပြလေ့ရှိပါတယ်။ ဒီလောကီကမ္ဘာဟာ သင် အမြဲနေရမယ့် စံအိမ် ဒါမှမဟုတ် နောက်ဆုံးပန်းတိုင် မဟုတ်ပါဘူး။ သင်ဟာ ဒီလောကီကမ္ဘာကို ခဏသာ ကျော်ဖြတ်ရတာ ဖြစ်တယ်။ အလည်သွားတာ ဖြစ်တယ်။ သမ္မာကျမ်းစာက သူစိမ်း၊ လှည့်လည်သွားလာသူ၊ တိုင်းတစ်ပါးသား၊ ဧည့်သည်၊ ခရီးသည် စတဲ့ စကားလုံးများကို အသုံးပြုပြီး ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့နေရမယ့် တိုးတောင်းတဲ့ အချိန်ကို ဖော်ပြလေ့ရှိပါတယ်။ ဒါဝိဒ်ဘုရင်က ဒီလို ဆုတောင်းခဲ့ပါတယ်။
    “အကျွနု်ပ်သည် ကမ္ဘာပေါ်တွင် ဧည့်သည်မျှသာဖြစ်၍ ကိုယ်တော်၏ ပညတ်တော်များကို အကျွန်ုပ်ထံမှ ဝှက်ကွယ်တော်မမူပါနှင့်။ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။” (ဆာလံကျမ်း ၁၁၉း၁၉)
    ရှင်ပေတရုကလည်း အခုလို ရှင်းပြပါတယ်။
    “လူမျက်နှာကို မငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။” (၁ ရှင်ပေတရု ၁း၁၇)

    ကျွန်တော်နေထိုင်တဲ့ ကယ်လီဖိုနိယားပြည်နယ်ကို ကမ္ဘာဒေသအရပ်ရပ်က လူတွေဟာ အလုပ်လုပ်ဖို့ ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့မိခင်နိုင်ငံသားအဖြစ်ကို ဆက်လက်ခံယူထားကြပါတယ်။ သူတို့ဟာ ဧည့်သည် မှတ်ပုံတင်ဖြစ်တဲ့ ဂရင်းကဒ် (Greed card) ကို ကိုင်ဆိုင်ကြရပါတယ်။ အဲဒီကဒ်ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးဆိုရင် နိုင်ငံသားမဟုတ်ရင်တောင်မှ အလုပ်လုပ်ပိုင်ခွင့် ရပါတယ်။ ခရစ်ယာန်တွေဟာ ဝိညာဉ်ရေးဆိုင်ရာ ဂရင်းကဒ်ကို လက်ဝယ်ကိုင်ဆောင်ထားတဲ့သင့်ပါတယ်။ ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံဟာ ကောင်းကင်နိုင်ငံဖြစ်တဲ့အတွက် ကောင်းကင်နိုင်ငံသားများ ဖြစ်ကြောင်း သတိကပ်နေစေဖို့ ဝိညာဉ်ရေး ဂရင်းကဒ်ကို အမြဲကိုင်ဆောင်ထားရပါမယ်။

    ယုံကြည်သူ ဘုရားသားသမီးတွေဟာ ဘုရားမဲ့တရားမဲ့သူတွေလိုမဟုတ်ဘဲ ဘဝကို တမူထူးခြားစွာ စဉ်းစားနားလည်ပြီး အသက်ရှင်ကြဖို့ ဘုရားသခင်က တိုက်တွန်းထားပါတယ်။
    “ထိုသူတို့သည် ပျက်စီခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌သာ မိမိတို့ဝါးကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြ၏။” (ဖိလိပိ ၃း၁၉-၂၀)
    ဒီကမ္ဘာပေါ်မှာ အသက်ရှင်ရတဲ့ အခိုက်အတန့်ထက် ကျော်လွန်မြဲမြံတဲ့ဘဝအသက်တာ ရှိတယ်ဆိုတာကို စစ်မှန်တဲ့ယုံကြည်သူ ခရစ်ယာန်တွေက နားလည်သဘောပေါက်ကြပါတယ်။

    သင့်ရဲ့ပင်ကိုယ်မူလဟာ ထာဝရမြဲမြံခြင်းမှာ ရှိပါတယ်။ သင့်ရဲ့ ဇာတိဌာနေဟာလည်း ကောင်းကင်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားကို သင် လက်ဆုပ်လက်ကိုင်ပြုထားနိုင်ပြီးဆိုရင် ဒီကမ္ဘာပေါ်မှာရှိတဲ့ အရာတွေကို  တပ်မက်တဲ့ သင့်ရဲ့ လောဘစိတ်ကို ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံဟာ အနာဂတ်အတွက် ရတတ်မအေးစရာ အကြောင်းရှိတယ်လို့ ဘုရားသခင်က အမြဲမပြတ် ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လောကီရေးရာများကိုသာ တန်ဖိုးထားခြင်း၊ ဦးစားပေးခြင်း၊ နေ့စဉ်လှုပ်ရှားရုန်းကန်ခြင်းများအတွက် ဘုရားသခင်က စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒီလောကီရဲ့ သွေးဆောင်ခြင်းတွေမှာ နှစ်မြုပ်တာကို ဝိညာဉ်ရေးဖောက်ပြန်မှုလို့ ဘုရားက ခေါ်ဆိုထားပါတယ်။
    “သစ္စာမရှိသာ သတ္တဝါတို့၊ လောကီအရာတို့ကို ခင်တွယ်ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းပင် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသော သူသည် မိမိကိုယ်ကို ဘုရားသခင်၏ ရန်သူ ဖြစ်စေ၏။” (ရှင်ယာကုပ် ၄း၄)

    သင့်ရဲ့အမိနိုင်ငံက သင့်ကို ရန်သူ့နိုင်ငံတစ်နိုင်ငံမှာ သံတမန်အဖြစ် ခန့်အပ်တယ် ဆိုကြပါစို့။ သင်ဟာ ဘာသာစကား အသစ်ကို လေ့လာသင်ယူရပါမယ်။ အဲဒီနိုင်ငံမှာ သင့်ရဲ့ သံတမန်လုပ်ငန်းအောင်မြင်နိုင်ဖို့နဲ့ ယဉ်ယဉ်ကျေးကျေးပြုမူတတ်ဖို့ သူတို့ရဲ့ ဓလေ့ထုံးစံတစ်ချို့နဲ့ ယဉ်ကျေးမှုကွဲပြားမှုတွေနဲ့ ဟန်ချက်ညီညီ၊ နေသားတကျဖြစ်အောင် ကြိုးစားရပါမယ်။ သံတမန်တစ်ဦးဖြစ်တဲ့အတွက် ရန်သူတွေနဲ့ မဆက်ဆံလို့ကို မရပါဘူး။ သင့်ရဲ့သံတမန်လုပ်ငန်း အောင်မြင်ဖို့ သူတို့နဲ့ အဆက်အသွယ် ပြုရမယ်။ ရင်နှီးခင်မင်မှု ရယူနိုင်ရမယ်။
    ဒါပေမယ့် သင်ဟာ သူစိမ်းနိုင်ငံမှာ နေသားကျလာပြီး သက်သောင့်သက်သာ ဖြစ်လာတယ်။ သူစိမ်းနိုင်ငံမှာ နေရတာက သင့်ရဲ့မိခင်နိုင်ငံမှာ နေရာတာထက် ပိုပြီး ပျော်စရာကောင်းတယ်လို့ ခံစားလာတယ်ဆိုကြပါစို့။ သင့်ရဲ့ခံယူချက်တွေ၊ သစ္စာရှိမှုတွေလည်း ပြောင်းလဲသွားနိုင်တယ်။ သင့်ရဲ့ သံတမန်လုပ်ငန်းတွေဟာလည်း ယုံမှားမကင်းစရာတွေ ဖြစ်လာမယ်။ သင့်ရဲ့အမိနိုင်ငံကို ကိုယ်စားပြု ရပ်တည်ပေးမယ့်အစား ရန်သူတစ်ယောက်လို ပြုမူလာပါလိမ့်မယ်။ သင့်ဟာ သစ္စာဖောက် တစ်ဦး ဖြစ်လာပါလိမ့်မယ်။
    “ငါတို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။” ( ဒု- ကော်ရိန့်သု  ၅း၂၀)
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ခရစ်ယာန်တွေဟာ သူတို့ရဲ့ဘုရင်နဲ့ သူတို့ရဲ့နိုင်ငံတော်ကို သစ္စာဖောက်ခဲ့ကြတယ်။ ‘ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဟာ ကမ္ဘာမှာ အသက်ရှင်နေထိုင်နေကြလို့ဖြစ်တယ်။ ဒီနေရာဟာ ငါတို့ရဲ့ အိမ်ဖြစ်တယ်’ ဆိုပြီး မိုက်မိုက်မဲမဲ ဆင်ခြေတွေ ပေးတတ်ကြတယ်။ ဒါဟာ မှားယွင်းတဲ့ဆင်ခြေသာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
    “ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤလောကတွင် ဧည့်သည် အာဂနု္တများအဖြစ် နေထိုင်ကြစဉ် သင်တို့၏ ဝိညာဉ်ကို တိုက်ခိုက်လျက်ရှိသော အသွေးအသား၏ တပ်မက်မှုဆန္ဒများကို ရှောင်ကြဉ်ကြရန် သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပါ၏။” (ပ-ပေတရု ၂း၁၁)
    ဒီကမ္ဘာမှာ နေထိုင်ရတာဟာ ယာယီမျှသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေကို အလွန်အကျွံ တွယ်တာ တပ်မက်ခြင်း မရှိဖို့ ဘုရားသခင်က ကျွန်တော်တို့ကို အမြဲသတိပေးနေပါတယ်။
    “ကမ္ဘာလောကနှင့် ပတ်သက်နေသော သူတို့သည်လည်း ယင်းနှင့် ပတ်သက်ခြင်း မရှိသကဲ့သို့လည်းကောင်း နေထိုင်ကြလော့။ အကြောင်းမူကား ဤလောက၏ အဆင်းသဏ္ဍာန်သည် ပျောက်ကွယ်လျက် ရှိလေပြီ။” (ပ-ကော်ရိန့်သု  ရး၃၁)

    အခုခတ်အချိန်အခါကို အခြားသော ရာစုနှစ်တွေနဲ့ နှိုင်းစာမယ်ဆိုရင်၊ ဘယ်တုန်းကမှ အခုချိန်လောက် မတိုးတက်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့ဟာ အမြဲတမ်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပျော်ပါးကြတယ်။ ကမ္ဘာကြီးဟာ လိုချင်တပ်မက်စရာကောင်းတဲ့အရာတွေ ပိုင်ဆိုင်ထားတယ်။ ဒီလို အာရုံကို ညှို့ယူဆွဲဆောင်တဲ့အရာတွေနဲ့အတူ၊ အယုံသွင်းဖမ်းစားတတ်တဲ့ မီဒီယာတွေ၊ ယနေ့ချိန်ခါမှာ ခံစားရရှိနိုင်တဲ့ အတွေ့အကြုံတွေကြောင့် ပျော်ရွှင်မှုနောက်ကို တကောက်ကောက်လိုက်တာဟာ ဘဝရဲ့လိုရင်းအဓိပ္ပာယ်မဟုတ်ဘူးဆိုတာ သိရှိဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ ဘဝဆိုတာ စုံစမ်းမှုတစ်ခု၊ ယုံကြည်အပ်နှံမှုတစ်ခု၊ ယာယီအလုပ်တာဝန်တစ်ခုလို့ ကျွန်တော်တို့ အမြဲသတိကပ်နေနိုင်မှသာ ဒီအရာတွေရဲ့ဆွဲဆောင်မှုတွေက ကျွန်တော်တို့ဘဝအပေါ် လွမ်းမိုးချုပ်ကိုင်ထားမှုတွေကို ပြေလျော့ဖျက်ဆီးပစ်နိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ အဲဒီအရာတွေထက်ပိုပြီး မွန်မြတ်ကောင်းမွန်တဲ့အရာတွေအတွက် ပြင်ဆင်ခြင်း ပြုလုပ်နေတယ်ဆိုတာကို အမြဲသတိရှိနေရပါမယ်။
    “ငါတို့သည် မြင်နိုင်သောအရာများကို အာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သောအရာများသည် ခေတ္တမျှသာတည်၍ မမြင်နိုင်သောအရာများမူကား အစဉ်ထာဝရ တည်သောကြောင့် တည်း။” (ဒု-ကော်ရိန့်သု ၄း၁၈)

    ဒီကမ္ဘာလောကဟာ ကျွန်တော်တို့ရဲ့နောက်ဆုံးပန်တိုင်၊ စံအိမ် မဟုတ်ပါဘူး။ ဒီအကြောင်းအရာက ခရစ်တော်နောက်လိုက်၊ ကျွန်တော်တို့တတွေဟာ ဒီကမ္ဘာမှာ အခက်အခဲပြဿနာတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ပစ်ပယ်လျစ်လျူရူမှုတွေ ဘာ့ကြောင့် တွေ့ကြုံရသလဲဆိုတဲ့မေးခွန်းကို အဖြေပေးနေပါတယ်။
    “သင်တို့သည် ငါ၌ ငြိမ်းချမ်းသာယာခြင်းကို ရရှိစေခြင်းငှါ ငါသည် သင်တို့အား ဤအကြောင်းအရာကို ဟောပြော၏။ သင်တို့သည် ဤလောကတွင် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံကြရလိမ့်မည်။ သို့သော် စိတ်ပျက်အားငယ်ခြင်း မရှိကြနှင့်။ ငါသည် ဤလောကကို အောင်မြင်ခဲ့လေပြီဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၁၆း၃၃)
    “တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည် မဟုတ်။ တစ်ဖန်တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရလိမ့်မည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၁၆း၂၀)
    “ဤလောကသည် သင်တို့ကို မုန်းတီးလျှင် သင်တို့ကို မမုန်းမီ ငါ့ကို မုန်းတီးခဲ့ကြောင်း သိမှတ်ကြလော့။ သင်တို့သည် ဤလောကနှင့် သက်ဆိုင်သူများ ဖြစ်ကြပါလျှင် ဤလောကသည် မိမိနှင့်သက်ဆိုင်သော သင်တို့ကို ချစ်လိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်သက်ဆိုင်သည် မဟုတ်။ငါသည်လည်း သင်တို့ကို ဤလောကထဲမှ ရွေးကောက်ခဲ့သောကြောင့် ဤလောကသည် သင်တို့ကို မုန်းတီး၏။” (ရှင်ယောဟန် ၁၅း၁၈-၁၉)

    ဘုရားသခင်ရဲ့ အချို့သော ကတိတော်တွေက ဘာ့ကြောင့် မပြည့်စုံရတာလဲ။ အချို့သော ဆုတောင်းခြင်းတွေကို ဘာ့ကြောင့် အဖြေမပေးတာလဲ။ တစ်ချို့သော အခြေအနေတွေ၊ အကြောင်းအရာတွေဟာ ဘာ့ကြောင့် တရားမျှတမှု မရှိတာလဲ၊ စတဲ့ မေးခွန်းတွေကို  ကျွန်တော်တို့ မေးလေ့ရှိကြပါတယ်။ “ဒီကမ္ဘာလောကဟာ ကျွန်တော်တို့ရဲ့နောက်ဆုံးပန်တိုင်၊ စံအိမ် မဟုတ်ပါဘူး” ဆိုတဲ့ အဆိုက အဲဒီမေးခွန်းတွေအားလုံးကို  အဖြေပေးပါတယ်။ ဒီလို မပြည့်စုံမှုတွေနဲ့ ဘဝကို အဆုံးသတ် နိဂုံးချုပ်ရမှာ မဟုတ်သေးပါဘူး။

    လောကီရေးရောတွေမှာ တွယ်တာတပ်မက်မှု လွန်ကဲခြင်းကနေ ရှောင်ရှားလွတ်မြောက်နိုင်ရအောင် ဒီဘဝမှာ တင်းတိမ်ရောင့်ရဲခြင်း၊ အလိုမပြည့်စုံခြင်းတွေကို အတိုင်းအတာတစ်ခုထိ ဘုရားသခင်က ကျွန်တော်တို့ကို ခံစားစေပါတယ်။ ကျွန်တော်တို့ဟာ ဒီလောကမှာ ပြီးပြည့်စုံတဲ့ ပျော်ရွှင်ခြင်းကို မခံစားကြရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ပျော်ရွှင်မှုမျိုး လုံးဝမရှိလို့ပဲ ဖြစ်တယ်။ ဒီကမ္ဘာလောကဟာ ကျွန်တောတို့ရဲ့ နောက်ဆုံးစံအိမ် မဟုတ်ပါဘူး။ ဒီလောကီစံအိမ်ထက် ပိုပြီး ကြီးကျယ်ကောင်းမွန်တဲ့ စံအိမ်တော်တို့ကို ဘုရားသခင်က ကျွန်တော်တို့အတွက် ပြင်ဆင်ထားပါတယ်။  ကောင်းကင်စံအိမ်မှာ နေဖို့ ကျွန်တော်တို့ကို ဘုရားက ဖန်ဆင်းခဲ့တာ ဖြစ်တယ်။

    ငါးတစ်ကောင်ဟာ ကုန်းပေါ်မှာ ဘယ်တော့မှ ပျော်ပျော်နေနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါးကို ရေထဲမှာ နေဖို့ပဲ ဖန်ဆင်းထားတာ ဖြစ်တယ်။ လင်းယုန်ငှက်ကို ပျံသန်းခွင့်မပေးဘူးဆိုရင် သူဟာ ဘယ်တော့မှ ကျေနပ်ပျော်ရွှင်မှု ခံစားရမှာ မဟုတ်ဘူး။ သင်ဟာလည်း ဒီကမ္ဘာလောကမှာ ဘယ်တော့မှ ပြည့်ဝတဲ့ ပျော်ရွှင်မှုကို ခံစားရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ဒီလောကမှာတင် အဆုံးသတ် ပျောက်ကွယ်ဖို့ မဟုတ်ဘူး။ ဒီလောကထက် ပိုပြီး ကြီးကျယ်တဲ့နေရာမှာ နေရဖို့အတွက် သင့်ကို ဖန်ဆင်းထားတာဖြစ်တယ်။ သင့် ဒီလောကမှာ ပျော်ရွှင်တဲ့အချိန်ကာလတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ ဘုရားသခင်က သင့်အတွက် ပြင်ဆင်ထားတဲ့ ပျောရွှင်မှုတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာမှ မပြောပလောက်ပါဘူး။

    ဒီကမ္ဘာလောကမှာ အသက်ရှင်ရတဲ့ဘဝဟာ ယာယီခန့်အပ်ထားတဲ့တာဝန်တစ်ခုမျှသာ ဖြစ်တယ်ဆိုတာကို သင် သိရှိတယ်ဆိုလို့ရှိရင် သင့်ရဲ့တန်ဖိုးထားမှုတွေကိုလည်း လုံးလုံးကို ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။ တစ်ခဏသာ အသုံးဝင်ပြီး တန်ဖိုးရှိတဲ့အရာ မဟုတ်ဘဲ၊ ထာဝရတည်မြဲပြီး အမြဲတန်ဖိုးရှိတဲ့အရာတွေဟာ သင် လုပ်ဆောင်မယ့်အရာတွေအတွက် အဆုံးအဖြတ်ပေးမယ့်၊ လမ်းညွှန်းပေးမယ့် အကြောင်းတရားတွေ ဖြစ်လာပါလိမ့်မယ်။

    စီ၊အက်စ်၊လူးဝစ် (C.S.Louis) ပြောသလိုပဲ၊ “ထာဝရမတည်မြဲတဲ့အရာအားလုံး အမြဲထာဝရ အသုံးမဝင်တဲ့အရာတွေပဲ ဖြစ်တယ်” သမ္မာကျမ်းစာကလည်း ဒီလို ဆိုထားပါတယ်။
    “ငါတို့သည် မြင်နိုင်သောအရာများကို အာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍ မမြင်နိုင်သောအရာများမူကား အစဉ်ထာဝရတည်သောကြောင့်တည်း။” (ဒု-ကော်ရိန့်သု ၄း၁၈)

    လောကအမြင်မှာ စည်းစိမ်းဥစ္စာကြွယ်ဝမှု၊ လူကြိုက်များတဲ့အောင်မြင်မှုတွေကို၊ ဘုရားက သင့်ဘဝရဲ့ ရည်မှန်းချက် ပန်တိုင်ဖြစ်ဖို့ လိုလားတယ်ဆိုပြီး ထင်မြင်နေခြင်းဟာ ပျက်စီးခြင်းကို ဦးတည်စေတဲ့ မှားယွင်းတဲ့ထင်မြင်ယူဆချက် ဖြစ်တယ်။ ကြွယ်ဝချမ်းသာတဲ့ဘဝဟာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုကို ဆိုလိုတာ မဟုတ်ပါဘူး။ ဘုရားသခင်အပေါ် သင့်ရဲ့သစ္စာရှိခြင်းဟာ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ အမှုတော်ဆောင်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊  အောင်မြင်မှုရရှိဖို့ အာမခံချက် မဟုတ်ပါဘူး။ တဒင်္ဂအောင်မြင်မှုကိုပဲ ဘယ်တော့မှ အာရုံမစိုက်ပါနဲ့။
    “ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤလောကတွင် ဧည့်သည် အာဂနု္တများဖြစ်အဖြစ် နေထိုင်ကြစဉ် သင်တို့၏ ဝိညာဉ်ကို တိုက်ခိုက်လျက်ရှိသော အသွေးအသား၏ တပ်မက်မှုဆန္ဒများကို ရှောင်ကြဉ်ကြရန် သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ပါ၏။” (ပ- ရှင်ပေတရု ၂း၁၁)

    ရှင်ပေါလုဟာ သစ္စာသမာဓိရှိတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာ သူ့ဘဝကို အဆုံးသတ်ခဲ့ရတယ်။ ရှင်ယောဟန်ဗတ္တိစတားဟာ သစ္စာသမာဓိရှိသူဖြစ်တယ်။ ဒါပေမယ့် ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်။ မြောက်များစွာသော သစ္စာရှိတဲ့ယုံကြည်သူ ခရစ်ယာန်တွေဟာလည်း အသတ်ခံရတဲ့ ဓမ္မအာဇာနည်တွေ ဖြစ်ကြတယ်။ သူတို့ပိုင်ဆိုင်တဲ့အရာတွေ ဆုံးရှုံးခဲ့ကြတယ်။ သူတို့ဘဝ နေဝင်ချိန်မှာ ပြစရာဆိုလို့ ဘာတစ်ခုမှ မရှိခဲ့ကြဘူး။ ဒါပေမယ့် ဒီဘဝရဲ့ အဆုံးဟာ အပြီးသတ် နိဂုံး မဟုတ်သေးဘူးလေ။

    ဘုရားရဲ့အမြင်မှာ ယုံကြည်ခြင်း၌ လေးစားထိုက်တဲ့ သူရဲကောင်းတွေဟာ ဒီဘဝမှာ စည်းစိမ်ဥစ္စာကြွယ်ဝမှု၊ အောင်မြင်မှု၊ သြဇာအာဏာတွေ ရှိတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီဘဝကို ယာယီခန့်အပ်ထားတဲ့ အလုပ်တာဝန်တစ်ခုအဖြစ် ရူမြင်ပြီး တမလွန်ဘဝမှ ကတိထားတော်မူတဲ့ ဆုလာဘ်တော်တွေကို မျှော်လင့်ကိုးစားရင် သစ္စာရှိရှိ အစေခံကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို ဘုရားသခင်က ဂုဏ်ပြုချီးမြှင့်တဲ့အကြောင်းကို သမ္မာကျမ်းစာက ဒီလို ဖွင့်ဟပြောဆိုထားပါတယ်။
    “ဤသူအပေါင်းတို့သည် ကတိထားတော်မူသောအရာကို မခံစားမီ ဘုရားသခင်ကို ယုံကြည်လျက် သေဆုံးခဲ့ကြ၏။ သို့သော် သူတို့သည် ထိုအရာကို ကြိုတင်သိမြင်၍ ရှေးအခါကပင် ဝမ်းသာစွာ ကြိုဆိုခဲ့ကြလေပြီ။ ထို့ပြင် သူတို့သည် ကမ္ဘာမြေပေါ်တွင် ဧည့်သည်သူစိမ်းများ ဖြစ်ကြသည်ကိုလည်း သိမှတ်ဝန်ခံခဲ့ကြ၏။ အကြောင်းမူကား ထိုကဲ့သို့ သိမှတ်ဝန်ခံသော သူတို့က မိမိတို့သည် ကိုယ်ပိုင်တိုင်းပြည်တစ်ခုကို ရှာလျက်ရှိကြောင်း သိသာ ထင်ရှားစေကြ၏။ ထိုသူတို့သည် မိမိတို့ ထွက်ခွာလာခဲ့သော ပြည်ကို တမ်းတကြသည် မှန်လျှင် ထိုပြည်သို့ပြန်ရန် သူတို့၌ အခွင့်အလမ်း ရှိကြ၏။ သို့သော် အမှန်တကယ်တွင်မူ သူတို့သည် ပို၍ ကောင်းသော ပြည်ကို တမ်းတကြခြင်း ဖြစ်၏။ ထိုပြည်ကား ကောင်းကင်ရွှေပြည်တော်ပင် ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု အခေါ်ခံရခြင်းကို ရှက်တော်မမူပေ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့နေထိုင်ရန် မြို့တော်ကို တည်ဆောက်တော်မူခဲ့လေပြီ။ (ဟေဗြေဦး ၁၁း၁၃-၁၆)
   
    ဒီလောကမှာ အသက်ရှင်ရတဲ့ အချိန်ကာလဟာ သင့်ဘဝရဲ့ ပြီးပြည့်စုံတဲ့ သမိုင်းကြောင်းစုံ မဟုတ်သေးပါဘူး။ ကောင်းကင်နိုင်ငံရောက်တဲ့အထိပါတဲ့ ကျန်ရှိနေသေးတဲ့ ဘဝဇာတ်လမ်းကို သင် စောင့်မျှော်ရပါမယ်။ သူစိမ်းတစ်ဦး၊ တိုင်းတစ်ပါးတစ်ဦးလို ဒီကမ္ဘာမှာ အသက်ရှင်ဖို့ဆိုရင် ခိုင်မြဲတဲ့ယုံကြည်ခြင်း ရှိဖို့ လိုအပ်ပါတယ်။

    သာသနာပြုလုပ်ငန်းမှ အနားယူပြီး ပြန်လာတဲ့ ဆက်ကပ်သူတစ်ဦးနဲ့ အမေရိကန်နိုင်ငံရဲ့သမ္မတဟာ သင်္ဘောတစ်စီးပေါ်မှာ အတူစီးပြီး အမေရိကကို ပြန်လာကြတဲ့ ပုံပြင်တစ်ပုဒ်ကို အမြဲတမ်း ကျွန်တော် ပြောပြလေ့ရှိပါတယ်။ လက်ခုပ်သြဘာပေးနေကြတဲ့ လူအုပ်ကြီးတွေ၊ စစ်ရေးပြအဖွဲ့တွေ၊ ကော်ဇော်နီနီတွေ၊ အောင်လံတံခွန်တွေ၊ သတင်းမီဒီယာတွေက သမ္မတကြီး အိမ်အပြန်ကို ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ဒါပေမယ့် သာသနာပြုပုဂ္ဂိုလ်တစ်ယောက်၊ သဘောင်္ပေါ်က ဆင်းလာတာကိုတောင် ဘယ်သူမှ သတိမထားမိကြပါဘူး။ သူလည်း သူ့ကိုယ်သူ သနားမိပြီး မကျေနပ်တွေ ခံစားနေရတာကြောင့် ဘုရားသခင်ဆီမှာ စတင် ညဉ်းတွားပါတော့တယ်။ ဒါနဲ့ ဘုရားသခင်က “ဒါပေမယ့် ငါ့သား၊ သင်ဟာ အိမ်ပြန် မရောက်သေးဘူးလေ။”လို့ သူ့ကို ညင်းညင်းသာသာလေးပဲ သတိပေးစကား ဆိုလိုက်ပါတယ်။
    “တဒင်္ဂသာဖြစ်တဲ့ အရာတွေကို ငါ ဘာဖြစ်လို့ ဒီလောက်တောင် ရေကြီးခွင်ကျယ် လုပ်မိခဲ့ရတာလဲ။ ငါ ဘာတွေ စဉ်းစားမိနေခဲ့တာလဲ။ မတည်မြဲတဲ့အရာတွေအတွက် ငါ့ရဲ့အချိန်တွေ၊ အားအင်တွေ၊ ဂရုစိုက်မှုတွေကို ငါ ဘာဖြစ်လို့ သုံးဖြုန်းပစ်ရတာလဲ” လို့ သင် အော်မငိုခင်  နှစ်စက္ကန့်အလိုမှာ သင် ကောင်းကင်နိုင်ငံ မရောက်နိုင်တော့ဘူးဆိုတာ သင် သိရှိပါလိမ့်မယ်။

    သင့်ဘဝမှာ ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သင်ဟာ သံသယတွေရဲ့ လွှမ်းမိုးချုပ်ကိုင်းမှုကို ခံနေရတဲ့အခါ၊ ခရစ်တော်အတွက် ရုန်းကန်အသက်ရှင်ရတာ အကျိုးရှိရဲ့လားလို့ သင် တွေဝေနေတဲ့အခါ၊ သင်ဟာ အိမ်ကို မရောက်သေးဘူးဆိုတာ သတိရပါ။ သေဆုံးခြင်းဟာ အိမ်ကနေ ထွက်ခွာသွားတာ မဟုတ်ပါဘူး။ သင့်ရဲ့ စစ်မှန်တဲ့ အိမ်ကို အရောက်ပြန်တာ ဖြစ်တယ်။

Note: What on earth I am here for? by Rick Warren မှ ကောက်နှုတ်တင်ပြပါသည်။

ဖာသာရ်ပေါလ်လျန်း


2019-12-18 00:22:43
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.