ယုံကြည်ခြင်း၌ မိစုံဖစုံနှင့်အတူနေရခြင်း
ယုံကြည်ခြင်း၌ မိစုံဖစုံနှင့်အတူနေရခြင်း
ကျွန်တော်ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်နေတာဟာ မိစုံဖစုံ မရှိတဲ့မိသားစုဘဝမှာ ကျွန်တော် မနေချင်လို့ပါ။ ဝိညာဉ်ရေး အသက်တာနဲ့ကောင်းကင်နိုင်ငံကို ကျွန်တော်ဦးတည်ရာမှာ ဖခင်တစ်ဦး လိုအပ်သလို၊ မိခင်တစ်ဦးလည်းရှိနေဖို့ လိုအပ်ပါတယ်။
သခင်ယေဇူးဆီမှာအဖဘုရားသခင်ရှိသလို လူသားမိခင်တစ်ဦးလည်း ရှိနေပါတယ်။သူ့မှာကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့ ဖခင်ရှိသလို လောကနဲ့ဆိုင်တဲ့မိခင်လည်း ရှိပါတယ်။ အဲလိုပဲ ကျွန်တော်လည်း မိခင်၊ ဖခင်ရှိနေဖို့ လိုအပ်ပါတယ်။ ခရစ်ယာန်တစ်ဦးဆိုတာ ခရစ်တော်ရဲ့ကိုယ်ပွားလေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်ယာန်တွေမှာ ဖခမည်းတော်ဘုရားရှိနေဖို့ လိုအပ်သလို ဝိညာဉ်ရေးမိခင်တစ်ဦးဖြစ်တဲ့ မယ်တော်မာရိယာလည်း ရှိနေဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ မိခင်တွေရဲ့ ဝှက်ကွယ်နေတဲ့စွမ်းအားတွေ၊ ကိုယ်ချင်းစာနာမှုတွေ၊ ပြိုင်ဘက်ကင်း အတုမရှိတဲ့ ပင်ကိုစရိုက်တွေ၊ ဉာဏ်ပညာတွေကို လိုအပ်ကြပါတယ်။ လူ့သဘာဝကို ကောင်းကင်ကနေ ပုံသွင်းထုဆစ်ခဲ့တာ ဖြစ်ပါတယ်။ ဟောလိဝုဒ်မှာမဟုတ်သလို ဟာဗက်တက္ကသိုလ်မှာ ပုံသွင်းဖန်တီးထားတာ မဟုတ်ပါဘူး။ လူ့သဘာဝရဲ့အဓိကပင်မ ပိုင်ဆိုင်မှုဟာ ရိုးရာယဉ်ကျေးမှုတွေ၊ ရာဇဝင်သမိုင်းတွေ၊ စိတ်ပိုင်းဆိုင်ရာကောက်ကြောင်းတွေ၊ ဂိုဏ်းအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်ခြင်း မရှိပါဘူး။ မိခင်ဘဝ၊ မိခင်ဖြစ်ခြင်းကသာ လူ့သဘာဝရဲ့ အဓိကပင်မ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခေတ်ရေစီးကြောင်းဟာ ရဲရင့်မှုရှိတဲ့ကမ္ဘာသစ်ဆီကို ဦးတည်ခုတ်မောင်း နေပါတယ်။ မိခင်ဘဝ၊ မိခင်ဖြစ်ခြင်း၊ မိခင်အရိုက်အရာကို “Skinner Box”လို့ခေါ်တဲ့ ပုံသွင်းလေ့လာတဲ့ စမ်းသပ်ခန်းတွေက နေရာယူ အစားထိုး လာပါတယ်။ ဒါပေမယ့် အသင်းတော်တော့ ယနေ့ချိန်ခါမှာ အရင်ကထက်ပိုပြီး မယ်တော်မာရိယာကို အာရုံစိုက် အလေးပေးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာမယ်တော်ကို အရင်ကထက်ပိုပြီး ကျွန်တော်တို့ လိုအပ်ပါတယ်။
မယ်တော်ဆီမှာ ဂုဏ်ပုဒ်အမျိုးမျိုး၊ ဘွဲ့နာမအမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ အဓိကအရေးကြီးဆုံး ဂုဏ်ပုဒ်တစ်ခုကတော့ “မိခင်”ဆိုတဲ့ “ကျေးဇူးတော်နဲ့ပြည့်စုံသောမယ်တော်၊ ဘုရားရဲ့မယ်တော်” ပဲဖြစ်ပါတယ်။
မိခင်ဆိုတဲ့သူတွေဟာ အားလုံးကို ပါဝင်စေချင်သူ၊ အားလုံးကို ပွေ့ဖက်ခေါ်ဆောင်သွားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူတွေကို အတူတကွပူးပေါင်းစေတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားတစ်ဦးနဲ့ အတူတကွနေရခြင်းရဲ့ တန်ဖိုးကို သိရှိထားသူတွေ ဖြစ်နေကြလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ သူတို့လောက်တစ်ခြား လူတစ်ယောက် (သူတို့ရဲ့ရင်သွေးငယ်)နဲ့ ရင်နှီးမှုရယူနိုင်တဲ့သူ မရှိပါဘူး။
မယ်တော်မာရိယာဟာ ပုဂ်္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၊ ဘုရားသခင်နဲ့ရင်နှီးဆက်နွယ်မှု အရှိဆုံးပုဂ်္ဂိုလ်လည်း ဖြစ်ပါတယ်။ ခမည်းတော်ဘုရားနဲ့ ဆက်နွယ်မှုမှာ သူမဟာ သမီးတော် ဖြစ်ပါတယ်။ သားတော်ဘုရားနဲ့ ဆက်နွယ်မှုမှာ သူမဟာမိခင်တစ်ဦး ဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားနဲ့ ဆက်နွယ်မှုမှာ ကြင်ယာတော် ဖြစ်ပါတယ်။ အဲဒီဆက်နွယ်ပတ်သက်မှု သုံးခုကို ကျွန်တော်တို့ရဲ့မျက်မှောက်ခေတ် ယဉ်ကျေးမှုရဲ့ဘဝမှာ အမျိုးသမီးတွေက လက်ခံအတုယူဖို့ အခက်တွေ့အကြပ်ရိုက်နေကြတာ ဖြစ်ပါတယ်။
အသင်းတော်ဟာ မျက်မှောက်ခေတ် အခက်အခဲတွေရဲ့အဖြေကို မယ်တော်၌ ရှာတွေ့စေပါတယ်။ ဒီ့အပြင် ကျွန်တော့်ဘဝအတွက် အဖြေကိုလည်း အသင်းတော်က မယ်တော်၌ တွေ့မြင်စေပါတယ်။ ကျွန်တော်သိရှိနားလည်းဖို့ လိုအပ်တဲ့အရာတစ်ခုကတော့ သူမရဲ့ဉာဏ်ပညာပဲ ဖြစ်ပါတယ်။ အဲဒီဉာဏ်ပညာဟာ “Fiat-အလိုတော်အတိုင်းဖြစ်ပါစေ” ဆိုတဲ့စကားတစ်ခွန်းတည်း ဖြစ်ပါတယ် (ရှင်လုကာ ၁း၃၈)။ အခြားနည်းနဲ့ပြောရမယ်ဆိုရင် “သူစေခိုင်းသမျှ ပြုလုပ်ကြလော့”(ရှင်ယောဟန် ၂း၅)ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဉာဏ်ပညာဟာ စကားတစ်ခွန်းတည်းဖြစ်တဲ့ ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားပဲ ဖြစ်ပါတယ်။ အဲဒီစကားအတိုင်း မယ်တော်ဟာ သူယုံကြည်အားကိုးတဲ့ ဘုရားကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိမြင်တယ်။
ပရိုတက်စတန့်တွေဟာ မယ်တော်က ခရစ်တော်ဆီကနေကျွန်တော့်ကိုဆွဲခေါ်သွားမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ်။ အဲဒီကြောက်ခြင်းဟာ ခရစ်တော်က အဖခမည်းတော်ဘုရားဆီကနေ ကျွန်တော့်ကိုဆွဲခေါ် သွားမှာကို စိုးရိမ်ကြောက်ရွံ့နေတာနဲ့ အတူအတူပဲဖြစ်ပါတယ်။
မယ်တော်မာရိယာရဲ့စိတ်ဆတွေ၊ လုပ်ဆောင်မှုတွေဟာ တစ်ရာမှာတစ်ရာရာခိုင်နှုန်း၊ တစ်ပြားတစ်ချပ်မှလျော့နည်းခြင်း မရှိဘဲနဲ့၊ ကျွန်တော့်ကို ခရစ်တော်ဆီဦးတည်စေပါတယ်။ သူမရဲ့သားတော်နဲ့ ကျွန်တော်ပေါင်းစပ်နိုင်ဖို့ လမ်းပြပေးပါတယ်။ မယ်တော်ဟာ များပြားလှတဲ့ သူမရဲ့သားသမီးတွေကို ခရစ်တော်ရဲ့ ပုံတူကိုယ်ပွားလေးတွေဖြစ်တဲ့အထိ သူမရဲ့စွမ်းအားကြီးတဲ့ ချစ်ခြင်းနဲ့ ကြားဝင်ဆုတောင်းပေးခြင်းကို ရပ်တန့်အနားယူမှာ မဟုတ်ပါဘူး။
မှတ်ချက်။ “Forty reasons_ I am a Catholci by Peter Krefft” မှကောက်နှုတ်ပြန်ဆိုသည်။
တောင်ကတုံး(နှင်းပွင့်)