Untitled Document
Untitled Document

လူငယ်နှင့်ခေတ်ရေစီးကြောင်း

   

လူငယ်နှင့်ခေတ်ရေစီးကြောင်း

    တစ်ရက်ပြီးတစ်ရက်၊ တစ်ညပြီး တစ်ည၊ တစ်လပြီး တစ်လ၊ ကုန်ဆုံးလာလိုက်တာ ယခုဆိုရင်(ဘီစီ) ခေတ်ကုန်လို့(အေဒီ) ခေတ်ရဲ့နှစ်ပေါင်းနှစ်ထောင်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ကုန်လွန်ခဲ့ပြီးတဲ့ ခေတ်ကာလတွေမှာလည်း ပြောင်းလဲမှုများစွာတွေ့ရှိရသလို ယနေ့ခေတ်ကြီးထဲမှာလည်း တိုးတက်ပြောင်းလဲမှုတွေဟာ ဖုံးဖိထားလို့မရတဲ့အကြောင်း အရာဖြစ်လာပါတယ်။ တစ်ရက်ပြီးတစ်ရက် တိုးတက်မြင့်မားလာသော ခေတ်ရေစီးကြောင်းကြီးဟာ ဘဝအတွေ့အကြုံ နည်းလွန်းလှသော လူငယ်တွေကို တိုက်စားမျောပါသွားတာဟာ မဆန်းလှပါဘူး။ အရှိန်လျော့ပါးအုံး... ခေတ်ရေစီးကြောင်းကြီးရေ။

    သင်လာခဲ့ရတဲ့စာအရဆို လူတွေရဲ့ပထမဆုံးခေတ်က ကျောက်ခေတ်ပေါ့။ ကျောက်ခေတ်တုန်းကဆို လူသားတွေဟာ ကျောက်တုံး၊ ကျောက်ခဲ၊ ကျောက်ချွန်များကို လက်နက်ကိရိယာများအဖြင့်သာမက လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ ကျောက်ခေတ်က စတင်လာတဲ့လူတွေရဲ့ စူးစမ်းလေ့လာချင်စိတ်ဟာ ယနေ့လို အိုင်တီခေတ်ကြီးကို ရောက်လာစေခဲ့တာ အမှန်ပါ။

    နည်းပညာတွေအဆမတန်တိုးတက်လာပြီး၊ ကွန်ပျူတာစနစ်တွေနဲ့သာ ရှင်သန်ကြီးပြင်းလာရတဲ့ ကျွန်တော်တို့တတွေကို ကံဆိုးသည်ပြောရမလား၊ ကံကောင်းသည်ပြောရမလား၊ တိုးတက်လာတဲ့ နည်းပညာတွေကြောင့်ကမ္ဘာကြီးဟာ ရွာကလေးတစ်ရွာ ဖြစ်လာပါပြီ။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ လူတွေဟာလည်း အိမ်နီးချင်းမိတ်ဆွေသဖွယ် အချင်းချင်း စကားလက်ဆုံကျလို့ ရလာပြီ။ မိမိဘဝအတွက်ခွန်အားရှိစေမယ့် စာပေတွေ၊ မြူးပျော်စေနိုင်မယ့် ဟာသစာပေတွေ သိလိုရာအကြောင်း အမျိုးမျိုးကိုလည်း အင်တာနက်ပေါ်တွင်အချိန်မရွေးဝင်ရောက်လေ့လာ ဖတ်ရှုနိုင်သည်။ ဤအရာတွေသာလျှင်ကျွန်ုပ်တို့၏ ကံကောင်းခြင်းလား။

    ဒီလို အရှိန်အဟုန်မြင့်မြင့်စီးဆင်းလာတဲ့ ခေတ်ရေစီးကြောင်းကြီးကို ဆန်တက်နိုင်တဲ့လူငယ်တွေ ရှိနေပေမယ့် လူငယ်အများစုကတော့ ခေတ်ရေစီးကြောင်းထဲ မျောပါသွားကြပါတယ်။ ဆန်တက်နိုင်တဲ့ ခွန်အားမရှိ၍လား၊ သို့မဟုတ် ခေတ်ရေစီးကြောင်းထဲ မျောပါနေရခြင်းကို နှစ်ခြိုက်၍လား။ စဉ်းစားစရာပင်။

    “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ယနေ့လူငယ်တွေသာ အနာဂါတ်ရဲ့ခေါင်းဆောင်တွေ ဖြစ်လာရမည်။ သူတို့တွေသာ သမ်္မတဖြစ်လာမည်။ သူတို့တွေသာ နိုင်ငံခေါင်းဆောင်ကောင်းတွေ ဖြစ်လာမည်။ သူတို့တွေသာ အသင်းတော်ရဲ့အကြီးအမှူး၊ ခေါင်းဆောင်ကြီးတွေ ဖြစ်လာမည်။ ဤအချက်သည် မည်သူမျှငြင်းဆို၍ မရသော အချက်များပင်။

    သင်နှင့်အကျွန်ုပ်ဟာ လူငယ်များပင်၊ သင်နှင့်အကျွန်ုပ်ပင်လျှင် ခေတ်ရေစီးကြောင်းထဲ အမြဲလိုလိုစီးမျောနေမည်ဆိုလျှင် သင်၏နိုင်ငံ၊ အကျွန်ုပ်၏အသင်းတော်သည် အနာဂါတ်တွင် မည်သို့ရှင်သန်မည်နည်း။ ၎င်းတို့ကို အဘယ်သူလာ၍ ဦးစီးဦးဆောင်ပြုမည်နည်း။ သေချာစဉ်းစားပါ၊ မိတ်ဆွေ။ သင် ရိုးသားကြိုးစားရင် သင့်တိုင်းပြည်၊ သင့်သာသနာဟာ လောကအလယ်မှာ မားမားမတ်မတ်ရပ်တည်နိုင်မှာ ဖြစ်သလို၊ အကျွန်ုပ်သည်လည်း ခေတ်ရေစီးကြောင်းကြီးကို ဆန်တက်လိုက်နိုင်လျှင် အကျွန်ုပ်၏ တိုင်းပြည်နှင့်အကျွန်ုပ်၏ သာသနာသည် အကျွနု်ပ်အတွက်များစွာ ဂုဏ်ယူနေမည်မှာ အသေအချာ။

    လူငယ်တို့ ကြိုးစားကြပါ။ ခေတ်ရေစီးကြောင်းထဲ မျက်စိစုံမိတ်လျက် အရသာခံမျောပါ မနေကြပါနဲ့။ သင်တို့မှာကိုယ်စီ အိပ်မက်တွေရှိနေတယ်ဆိုတာ သတိရကြပါ။ ခေတ်ရေစီးကြောင်းကြီးက သင်နှင့်ကျွန်ုပ်ရဲ့အိပ်မက်တွေဆီကို အရောက်ပို့ပေးမှာ  မဟုတ်ဘူး။ ခေတ်ရေစီးကြောင်းထဲ အချိန်ကြာကြာ မျောပါလေလေ အိပ်မက်ကမ္ဘာလက်တွေ့ဖြစ်လာဖို့တော့ ဝေးလေလေပါ။ ကြိုးစားပါ။ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကိုအဖော်ခေါ်ပြီး ဆန်တက်ပါ။ ဘုရားကိုလည်း မေ့မထားပါနှင့်။ ဘုရားသခင်ဆီမှာ အကူအညီတောင်းပါ။ သူကူညီပါလိမ့်မယ်။ ဇွဲ၊လုံ့လ၊  ဝီရိယတို့ကို ဘုရားသခင်ပိုင်တယ်။ သင်တောင်းရင် ဘုရားသခင်က အဲ့ဒီအောင်မြင်မှုသော့ချက်ကြီးတွေကိုသင့်နှလုံးသားမှာ ကပ်ရိုက်ဆွဲစေပါလိမ့်မယ်။

    မကြောက်ပါနဲ့၊ ခေတ်ရေစီးကြောင်းကြီးက တစ်နာရီကို ဘယ်နှမိုင်နှုန်းစသည်ဖြင့် သူနှုန်းနဲ့သူ စီးနေမှာပါပဲ။ ခေတ်ရေစီးကြောင်း မြန်လေလေ သင်အောင်မြင်မှုဆီရောက်ဖို့ ခက်လေလေပဲ။ ဒါပေမဲ့ အားတင်းထားပါ။ ဒီရေစုန်ကို ဆန်တက်လိုက်စမ်းပါ။ သင်ကြိုးစား ဆန်တက်နေသရွေ့တော့ သင်ဟာ အထက်ကို ရောက်ဖို့နီးစပ်လေလေပါ။ ရေစုန်ကို ဆန်ရတာဟာ လွယ်ကူလှတဲ့အလုပ်တစ်ခုတော့ မဟုတ်ပေ။ ခက်ခဲတဲ့အလုပ်ကိုလုပ်မှသာလျှင်အောင်မြင်မှုကိုရရှိနိုင်မည် ဖြစ်သည်။

    တစ်နေကုန် ဖုန်းတစ်လုံးနှင့်အလုပ်များနေသူက ဒီကနေ့မည်သည့်အလုပ်ကို လုပ်ပါမည်နည်း။ နက်ဖြန်နေ့အတွက် ကြိုတင်ပြင်ဆင်မှု ရှိနိုင်ပါမည်လော။ စားချိန်တန်စား၊အိပ်ချိန်တန်အိပ်၊ အလုပ်လုပ်ရမည့်အချိန်မှာ ဖုန်းတစ်လုံးနှင့် ဗျာများနေမည်ဆိုလျှင် အဘယ်အကျိုးရှိမည်နည်း။ ဆန်ကုန်မြေလေးဟု ဆိုလိုက်သူကား သူတို့တွေပင်လား မသိတော့။

    လူငယ်တို့ရဲ့ဘဝမှာအချိန် ကောင်းများစွာ ရှိနေပါတယ်။ ဒီနေ့အတွက် အကောင်းဆုံး အသက်ရှင်ပါ။ နက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ပါ။ အချိန်မဖြုန်းပါနဲ့။ လောကကြီးကိုကူညီပါ။ ကမ္ဘာမြေကြီးကို စောင့်ရှောက်ပါ။ လူတွေကို အကျိုးပြုပါ။ လူတွေကို ကူညီပါ။ ဘုရားကိုလည်း အချိန်ပေးပါ။ ဆုတောင်းပါ။ ကျေးဇူးဆပ်တင်ပါ။ ခေတ်ရေစီးကြောင်းထဲ မျောပါနေမည့်အစားပေါ့။

နေရောင်



2019-11-25 21:36:47
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.