Untitled Document
Untitled Document

ခရစ်တော်နှင့် ထိတွေ့ခံစားခြင်း


ခရစ်တော်နှင့် ထိတွေ့ခံစားခြင်း

ခရစ်တော်နှင့်ထိတွေ့ခံစားခြင်းသည် ခရစ်တော်ကို မိမိနှလုံးသား ၌ မိမိ၏သခင် မိမိ၏ကယ်တင်ရှင် အဖြစ်လက်ခံခြင်းပင် ဖြစ်ပါသည်။ ဧဝံဂေလိသတင်းကောင်းသည် ခရစ်တော်ကို လက်ခံနိုင်ရန် အကြောင်းအရင်းပင် ဖြစ်ပါသည်။ သတင်းကောင်းကို ကြားနားပြီးသည့်နောက် ခရစ်တော်ကို လက်ခံရန် ခံစားလာစေပါသည်။ သို့ဖြစ်၍ ဘုရားရှင်သတင်းကောင်းကို ကြေညာဟောပြောခြင်း ကဏ္ဍသည် အလွန်ပင်အရေးပါသောအရာ ဖြစ်ပါသည်။ သမ္မာကျမ်းစာတော်၌ “ကိုယ်တော်အကြောင်းကို မကြားရဘဲလျက် သူတို့သည် ကိုယ်တော်၌ မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း”(ရောမသြဝါဒ ၁၀း၁၄)ဟူ၍ ဖော်ပြထားပါသည်။

    ခရစ်တော်ကို ထိတွေ့ခံစားနိုင်ရန် ကက်သလစ်သာသနာတော်နှင့် နှုတ်ကပါဌ်တော်က လမ်းပြပို့ဆောင် ပေးလေ့ရှိပါသည်။ ခရစ်တော်သည် နှုတ်ကပါဌ်တော်တွင်ဖြစ်စေ၊ အသင်းတော်၏ ဆုတောင်းပတ္တနာတော်တွင ဖြစ်စေ မျက်မှောက်တွင် ကိန်းဝပ်တည်ရှိတော်မူသည် (အခြေ ခံအယူဝါဒ ၁၃၇၃)။ သို့ဖြစ်၍ ခရစ်တော်နှင့်ထိတွေ့ခံစားခြင်းသည် လက်တွေ့ဆန်ပြီးအမှန်စင်စစ် ထိတွေ့ခံစားနိုင်ပါသည်။ ခရစ် တော်ကို နှလုံးသားအားဖြင့် ထိတွေ့ခံစားလာသည့် အချိန်မှစ၍ပြောင်းလဲ သစ်လွင်သော အသက်တာကို ပိုင်ဆိုင်ရှင်သန်လာစေပါသည်။

    ကက်သလစ်သာသနာတော်က ခရစ်တော်နှင့်ထိတွေ့ခံစားလာစေ ရန်နည်းလမ်း(၅)မျိုးရှိကြောင်း သင် ကြားပေးပါသည်။ ခရစ်တော်သည် အသင်းတော်၌ နည်းလမ်းမျိုးစုံဖြင့် တည်ရှိရာ သမ္မာကျမ်းစာတော်မြတ်၌ သော်လည်းကောင်း၊ အသင်းတော်၏ ဆုတောင်းပတ္တနာတော်၌ သော်လည်းကောင်း၊ ဆင်းရဲသား၊ မကျန်းမာသူ၊ အကျဉ်သားများထံ၌ သော်လည်းကောင်း၊ စက္ကရမင်တူးများ၌ သော်လည်းကောင်း ပူဇော်ခြင်းပြုသောရဟန်းတော်၌ သော်လည်းကောင်း၊ မစ္ဆားတရားတော်မြတ်နှင့်အတူ အထူးသဖြင့် ကိုယ်တော်မြတ်စက္ကရမင်တူး၌ ကိန်းဝပ်တော်မူပါသည်။

    ကက်သလစ်ဘာသာဝင်များအတွက် ခရစ်တော်နှင့်ထိတွေ့ခံစားခြင်းသည် စိတ်ကူးယဉ် အိပ်မက် တစ်ခုမဟုတ်ပါ။ လက်တွေ့စင်စစ် ထိတွေ့ခံစားနိုင်သောအရာ ဖြစ်ပါသည်။ ရဟန္တာဂျေရိုက “သမ္မာကျမ်းစာကို လျစ်လျူရှုခြင်းသည် ခရစ်တော်ကို လျစ်လျူရှုခြင်းပင် ဖြစ်ပါသည်”ဟု မိန့်ဆိုခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတော်၌ ခရစ်တော်ကို ထိတွေ့ခံစားကြပါသည်။ မစ္ဆားတရားတော်မြတ်၌ ပါဝင်မည့်ကျမ်းစာတော်မြတ်ကို ကြိုတင်ဖတ်ရှုခြင်း၊ မိမိ အလိုဆန္ဒအရကျမ်းစာလေ့လာခြင်း၊ ဖတ်ရှုခြင်းသည် ခရစ်တော်နှင့်ထိ တွေ့စေပါသည်။ သမ္မာကျမ်းစာကို မဖတ်မီ ခရစ်တော်နှင့်ထိတွေ့ခံစားစေနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ ကျေးဇူးတော်ကိုတောင်း ခံအပ်ပါသည်။ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အကြိမ်တိုင်း ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များနှင့်လျော်ညီစွာ ဖတ်ရှုရန်မှာ အလွန်အရေးကြီးပါသည်။ သမ္မာကျမ်းစာသည် မိမိကြိုက်နှစ်သက်သကဲ့သို့ အဓိပ္ပယ်ကောက်ယူကာ အနက်ဖွင့်ဆို၍မရပါ။

    ခရစ်တော်ကို ယုံကြည်သူဘာ သာဝင်များ စုဝေးရာနေရာ၌လည်း ထိတွေ့ခံစားနိုင်ပါသည်။ ဘုရား ရှိခိုးကျောင်းသည် ကျွန်ုပ်တို့၏ မိတ်ဆွေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံရာနေရာသက်သက် မဟုတ်ပါ။ ဘုရားကျောင်းသည် ခရစ် တော်နှင့်ထိတွေ့ခံစားရာနေရာပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို မိမိ၏အကူအညီလိုအပ်နေသော မရှိဆင်းရဲသားများ၊ဆေးရုံ၊ ဆေးခန်း၊ နေအိမ်များတွင်ရှိသော လူနာများနှင့် အကျဉ်းကျနေသော ပုဂ္ဂိုလ်များအားဖြင့် ထိတွေ့ခံစား နိုင်ပါသည် (ရှင်မာတေးဦး ၂၅)။

    မာသာရ်ထရေဇားနှင့်ဗင်ဆင့် ဒီပေါလ်တို့ကခရစ်တော်နှင့်ဆုံတွေ့ ခံစားခွင့်ရလိုလျှင် အကူအညီလိုအပ်နေသူများနှင့်အတူ အလုပ်လုပ်ပါ။ ခရစ်တော်ကို အမှန်စင်စစ် ထိတွေ့ခံစားရပါလိမ့်မည်။ ခရစ်တော်နှင့် ဆုံတွေ့လိုလျှင် ဆင်းရဲသားများနှင့် အလုပ်လုပ်ပါဟု မိန့်ကြားခဲ့ကြ သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ရဟန်းတော်များအားဖြင့်လည်း ထိတွေ့ခံစားနိုင်ပါသည်။ ရဟန်းတော်များ မစ္ဆားပူဇော်ချိန်နှင့် စက္ကရမင်တူးများ ကျင်းပချိန်တွင် ကျွန်ုပ်တို့သည် ခရစ်တော်ကို ထိတွေ့ခံစားနိုင်ပါသည်။ ခရစ်တော်သည် ရဟန်းတော်များ၏ မပြည့်စုံမှု၊ အားနည်းခြင်းများကို နောက်ကွယ်၌ပင် ရပ်တည်ပေးနေပါသည်။

    ခရစ်တော်နှင့်ထိတွေ့ခံစားနိုင်သော အချက်အလက်များကိုသဒ္ဓါကြည်ညိုမှု၊ နှိမ့်ချမှု၊ ချစ်ခြင်း မေတ်္တာနှင့် ချဉ်းကပ်ကြလျင်စစ်မှန် သော နှလုံးသား၏ ခံစားချက်ကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ ကမ်းလက်ပေးခြင်း၊ ရဟန်းတော်များအပေါ် ချစ်ခြင်းမေတ္တာထားရှိ ခြင်း၊ စက္ကရမင်တူးများကို တန်ဖိုးထားမြတ်နိုးခြင်းများ ဆောင်ရွက်ကျင့်ကြံလျှင် အမှန်စင်စစ် ခရစ်တော်ကို ထိတွေ့ခံစားရပါလိမ့်မည်။

မီး(ကလေး)



2019-11-25 21:27:26
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.