Untitled Document
Untitled Document

ကွယ်လွန်သူများအတွက် ဆုတောင်းရာနေ့

ကွယ်လွန်သူများအတွက် ဆုတောင်းရာနေ့

၁။ နိုဝင်ဘာ ၂ ရက်နေ့ ရောက်တိုင်းကျနော်နဲ့ မကင်းမကင်း မရှင်းမရှင်းဖြစ်တဲ့ “ခြင်း” နှစ်ယောက်ရှိတယ်။ တစ်ယောက်ကရှင်ခြင်း၊ နောက်တစ်ယောက်က သေခြင်း။ ဒီလိုရှင်ခြင်းနဲ့သေခြင်းတို့ရဲ့ အမှတ်တရနေ့မှာ ကျနော် သေပြီးသူတွေအကြောင်းထက် သေမယ့်လူတွေအကြောင်း အဓိကထားပြီး ပြောချင်တယ်။ ဘာလို့လည်းဆိုရင် သေပြီးသူထက်၊ သေမယ့်လူက သေသူရှင်သူ နှစ်ဘက်စလုံးအတွက် အချိန်၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ပိုရှိလို့ဖြစ်တယ်။

(က) သေခြင်းအကြောင်း အရင်ဆုံးပြောချင်တယ်။
၂။ ဘုရားက လူနဲ့အသက်ကို ဖန်ဆင်းတယ်။ လူက အပြစ်နဲ့သေခြင်းကို ဖန်တီးတယ်။ အပြစ်က ဘုရားနဲ့လူကို ကွဲစေတဲ့ လက်နက်ဖြစ်သွားလို့ လူဟာ အလွန် ကံဆိုးခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်ကြောင့် သေခြင်းဟာ ဘုရားနဲ့ လူကို ပြန်လည်ပေါင်းဆုံစေတဲ့ လမ်းဖြစ်လာလို့ လူဟာ ကံကောင်းပြန်ပါတယ်။   ကံကောင်းတယ် ဆိုပေမဲ့ လူဟာ သေလမ်းလိုက်ပြီး သင်္ချိုင်းမှတ်တိုင်မှာ ဆင်းမှသာ ဘုရားစံတဲ့ ကောင်းကင်ဘုံကိုဝင်လို့ ရမယ်ဆိုတဲ့ ဒီဘဝကနေ နောင် ဘဝကိုသွားတဲ့ လမ်းစည်းကမ်းကြီး ပေါ်လာပါတယ်။

၃။ ဒီလိုမျိုး ဖြစ်လာမှာကို ဘုရားက အစကတည်းက မလိုလားဘူး။ ဘုရားက လူအတွက် ပထမဦးဆုံး စိုးရိမ်ခဲ့တဲ့အရာနဲ့ အရင်ဦးဆုံး သတိပေးတားမြစ်ခဲ့တဲ့အရာဟာ “သေခြင်း” ဖြစ်တယ်လို့ (ကမ္ဘာဦးကျမ်း အခန်းကြီး၂၊ အခန်းငယ်၁၇) မှာ တွေ့ရတယ်။ နှာခေါင်းထဲ သွင်းတဲ့ အသက်ကို ပါးစပ်ထဲဝင်တဲ့ အစာက ဖျက်ဆီးမှာ စိုးလို့ မစားနဲ့ဆိုတဲ့ အသိနဲ့၊စားရင် သေလိမ့်မယ်ဆိုတဲ့ သတိကို နားနှစ်ဘက်မှာ ဝင်အောင် ဘုရားက လူကို ဆုံးမခဲ့ပါတယ်။

၄။ ဘုရားက လူအတွက် အဲလောက် စိုးရိမ် ပေမယ့် လူက မိမိအတွက် မစိုးရိမ်တတ်ခဲ့ဘူး။        ကောင်းကင်နဲ့မြေကြီးကြားမှာ ဘုရားက မေတ္တာခင်းတဲ့ အသက်လမ်း ဖောက်ထားတာကို လူကအစာနဲ့ဖျက်ပြီးတော့ အပြစ်ခင်းတဲ့ သေလမ်းဖောက်လိုက် ပါတယ်။ ဒါကြောင့် လူဟာ ဘုရားဆီပြန်သွားချင်ရင် မိမိခင်းထားတဲ့ သေလမ်းကို မလျှောက်၊ သင်္ချိုင်းကို မရောက်ပဲ ပြန် လို့မရတော့ပါဘူး။

(ခ) ဒုတိယအချက်အနေနဲ့ ဝိညာဉ်သေခြင်း အကြောင်း ထောက်ရှု ချင်ပါတယ်။

၅။ လူဆိုတာ နှစ်ခါ သေရိုးထုံးစံမရှိဘူးလို့ ပြောတတ်ကြပေမယ့် (ဗျာဒိတ်ကျမ်းအခန်း ကြီး၂၊ အခန်းငယ် ၁၁၊ အခန်းကြီး၂၀၊ အခန်းငယ် ၆ နဲ့ ၁၄၊ အခန်းကြီး၂၁၊ အခန်းငယ် ၈) တို့က “ဒုတိယသေခြင်း” ရှိတယ်လို့ အတိအလင်း ထောက်ပြပါတယ်။ လူဟာရုပ်နဲ့ နာမ်ဆိုတဲ့ ကိုယ်ခန္ဓာနဲ့ဝိညာဉ် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့သတ္တဝါ ဖြစ်တဲ့အတွက် ရုပ်ခန္ဓာချုပ် ငြိမ်းခြင်းဆိုတဲ့ “ပထမသေခြင်း” အပြင်၊ “ဝိညာဉ်ထာဝရ ငရဲကျခြင်း(သို့) ဝိညာဉ်သေခြင်း” လို့ခေါ်တဲ့ “ဒုတိယသေခြင်း” ကိုပါ ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ အန္တရာယ်ရှိကြောင်း ကျမ်းစာတော်အားဖြင့် နားလည်လာရပါ တယ်။

၆။ တစ်နေ့မှာ  ခရစ်တော်သခင်ဟာဒေသနာခရီး မြန်းကြွရင်း ဆာလောင်မွတ်သိပ် တော်မူတဲ့အခါ အသီးခူးစားဖို့ အကြံတော်နဲ့ သဖန်းပင်တစ်ပင်နား ချဉ်းကပ်တော်မူခဲ့တယ်။ အဲဒီအပင်ဟာ အသီးမရှိအရွက်သာ ပြည့်တဲ့ သဖန်းပင်ဖြစ်နေလို့ ခရစ်တော်က ကျိန်လိုက် တာနဲ့ သဖန်းပင်ဟာ ချက်ခြင်းညိုးခြောက် သေခြင်းရောက်တယ်လို့ (ရှင်မာတေဦးအခန်း ကြီး၂၁၊ အခန်းငယ်၁၉)မှာ တွေ့ရတယ်။ ကျမ်းစာတော်အလိုအရဆိုရင် ခရစ်တော်ဆာလောင် တမ်းတတော်မူသော အသီးရှိတဲ့သဖန်းပင်ဆိုတာ သီလရှိတဲ့ဝိညာဉ်ကို ဆိုလိုတာဖြစ်ပြီး၊ အသီးမဲ့တဲ့သဖန်းပင်ဟာ သီလမဲ့တဲ့ဝိညာဉ်ကို ကိုယ်စားပြုတယ်။ ကိုယ်ကျင့်သီလဆိုတာ ဘုရားတရား၌ မွေ့လျော်ရှင်သန်နေတဲ့ ဝိညာဉ် တစ်ခုရဲ့ထင်ရှားတဲ့ အမှတ်လက္ခဏာမှ မဟုတ် အသီးအပွင့်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘုရားက နှာခေါင်းကနေ မှုတ်သွင်းပေးလိုက် တဲ့ အသက်ဝိညာဉ်ကို နားရွက်ကနေ မိန့်မှာလိုက်တဲ့တရားနဲ့အညီ စိတ်၊ နှုတ်၊ အကျင့်မှာ ကောင်းစွာစောင့်ထိန်းခြင်းကို ကိုယ်ကျင့်သီလလို့ ခေါ်တာဖြစ်တယ်။ “သီလမရှိတဲ့ ဝိညာဉ်ဟာ အသီးမရှိတဲ့ သဖန်းပင်လိုပဲ အဆုံးသတ် မကောင်းဘူး”လို့ ခရစ်တော်ကိုယ်တိုင်ပေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

၇။ လူဟာ ဝိညာဉ်မှာ ဘုရားရွှေပုံသဏ္ဍာန် တော်နဲ့တူတဲ့ သတ္တဝါဖြစ်တယ်။ အနု၊ အကြမ်း၊ နည်းပေါင်းစုံသုံးပြီး လူ့ဝိညာဉ်ကို တိုက်ခိုက်နေ တဲ့ “သွေးသား၊ လောက၊ နတ်ဆိုး” ဆိုတဲ့ ရန်သူမျိုးသုံးပါးရဲ့ လက်နက်ကြီးဖြစ်တဲ့အပြစ် ကြီးက လူ့ဝိညာဉ်ကို ထိမှန်သွားပြီဆိုရင် ဝိညာဉ်မှာရှိတဲ့ ဘုရားရွှေပုံသဏ္ဍာန်တော် ပျက်စီးပျောက်ကွယ်သွား ပါတယ်။ အဲလိုဖြစ်တာကို လောကုတ္တရာစကားနဲ့ ဝိညာဉ်သေတယ်လို့ ခေါ် ပါတယ်။ သေတဲ့ဝိညာဉ်ဟာ သေခြင်းကင်းတဲ့ ဘုရားနဲ့ပုံသဏ္ဍာန် မတူတော့လို့ သူ့ကို ဘုရားက မမှတ်မိဘူး၊ မသိဘူးလို့ ခရစ်တော်က မိန့်တော်မူပါတယ်။ “သခင်၊ သခင်၊ ကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု ဆိုကြသော်၊သခင်က ငါအမှန်ဆိုသည်ကား သင်တို့ကို ငါမသိဟု ပြန် ပြောလေ၏” (ရှင်မာတေဦးအခန်းကြီး၂၅၊ အခန်းငယ် ၁၁-၁၂)။ ဘုရားကတောင် မသိတော့တဲ့လူဖြစ်ရတာကမှ တကယ့် “သေခြင်းဆိုးနဲ့ သေတာ” မဟုတ်လား။

(ဂ) တတိယအချက်အနေနဲ့ ခန္ဓာကိုယ်သေခြင်းအကြောင်း သုံးသပ်မျှဝေချင်ပါတယ်။

၈။ ရုပ်ခန္ဓာကို ဓာတ်ကြီးလေးပါးလို့ခေါ်တဲ့ ပထဝီဆိုတဲ့(အစိုင်အခဲ)၊ တေဇောဆိုတဲ့(အပူ)၊ အာပေါ ဆိုတဲ့(လေ)၊ ဝါယောဆိုတဲ့(အရည်)တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ဒီဓာတ် ကြီးလေးပါးတို့ဟာ သူ့နေရာနဲ့သူ၊ သူ့အချိန် အဆနဲ့သူ ညီညွှတ်မျှတနေရင် ခန္ဓာကိုယ် ကျန်းမာပြီး၊ ဒီဓာတ်တွေ မညီညွှတ်တော့ဘဲ လွန်ကဲနည်းများ ဖောက်ပြန်လာရင်တော့ ခန္ဓာ ကိုယ်ဟာ မကျန်းမာတော့ဘဲ နောက်ဆုံးမှာ သေဆုံးရပါတယ်။

၉။ ဥပမာ..ကျနော်ဆို ဆံပင်တွေဖြူကုန်လို့ ဒီရဟန်းအိုပေါက်စ၊ အရင်ကြွလိမ့်မယ်လို့ထင် ကြလား။ ဖြစ်နိုင်တယ်။ ဘယ်သူဘယ်လိုပဲထင်ထင် ကျနော် စိတ်ဓာတ်မကျပါဘူး။ ကျနော့် ထက် ဆံပင် ၂ ချောင်းပိုဖြူတဲ့ ဖာသာရ် ဟိုမှာ ရှိသေးတယ်။ သေမင်းက မှတ်မိပြီး ဦးစားပေးမှာ စိုးလို့ ဖြူပြီး သားဆံပင်ကို နက်ဆေးဆိုးတဲ့ ဘိုးတော်ဘွားတော်တွေလည်း ရှိသေးတယ်။ မိုက်တယ်နော်၊ သေမင်းမျက်စိလည် အောင်လုပ်ပစ်တာ။

၁၀။ တို့အာရှတိုက်မှာ များသောအားဖြင့် သဘာဝဆံပင်အရောင်က အနက်နဲ့အဖြူပဲ ရှိသလားလို့။ အခုခေတ်မှာ ဘယ်ကလဲမသိဘူး။ နီကြောင်ကြောင်ဆံပင်တွေရော ဆေးမင်ကြောင် အရေခွံတွေရော တိုးလာတယ်။အဲလိုအကြောင် ကြောင်တွေ တွေ့လိုက်တော့ ကြောင်သွားပြီး “သေမင်းကမင်းသေ”လို့ အမိန့်ချလိုက်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့  RIPဘွဲ့ရသွားမှာ။ သတိတော့ထားဟေ့။ ဘာလို့လဲဆိုတော့ လူ့သမိုင်းမှာ သေမင်းရဲ့ အရင်ဦးဆုံး အမိန့်ချမှတ်ခံရသူက အဖိုးကြီး၊ အဖွားကြီးမဟုတ်ဘူး။ လူငယ်နော၊ လူငယ် အာဗေလ။

၁၁။ ခန္ဓာကိုယ်သေဆုံးခြင်းဟာ “လူသေမှု” ဒါမှမဟုတ် “လူသတ်မှု” ဆိုတဲ့အကြောင်း နှစ်မျိုးထဲက တစ်မျိုးမျိုးကြောင့် ဖြစ်တယ်။ လူ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် သေခြင်းဖြစ် လာတာဟာ “လူသေမှု”ကြောင့် မဟုတ်ဘဲ၊ “လူသတ်မှု” ကြောင့် ဖြစ်တယ်လို့ (ကမ္ဘာဦး ကျမ်းအခန်းကြီး၄၊ အခန်းငယ် ၈) က ဆိုတယ်။ သေခြင်းနဲ့ ပထမဦးဆုံး မိတ်ဆက်ခဲ့ရတဲ့ လူသား “အာဗေလ” ဟာ သူ့အစ်ကိုရင်း   “ကိန်န” သတ်လို့ သေတာ။

၁၂။ ကမ္ဘာပေါ်မှာ သေခြင်းဟာ လူသတ်မှုနဲ့  စခဲ့တာဆိုတော့ လူသတ်မှု အကြောင်းနဲနဲချဲ့ ပြောချင်တယ်။ လူသတ်မှုမှာ မိမိကိုယ်ကို သတ်ခြင်းနဲ့ သူတပါးကိုသတ်ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ မိမိကိုယ်ကိုသတ်ခြင်းမှာ အမြန် နည်းဖြင့် သတ်သေခြင်းနဲ့၊ အနှေးနည်းဖြင့် သတ်သေခြင်းဆိုပြီး နှစ်မျိုးကွဲပြန်တယ်။ ကြိုးဆွဲချ သေခြင်း၊ အဆိပ်သောက်သေခြင်း၊ ဓားထိုး၊ သေနတ်ပစ်သေခြင်း စတာတွေဟာ အမြန်နည်းသုံး သတ်သေခြင်း အမျိုးအစားတစ်ချို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စက္ကန့်၄၀ တိုင်း လူတစ်ဦး မိမိကိုယ့်ကို သတ်သေနေတယ်၊ တစ်နှစ်ကို လူရှစ်သိန်းခန့်  မိမိကိုယ်ကို သတ်သေကြတယ်၊ အများစုက အသက် ၁၅နှစ် ကနေ ၂၉နှစ်အကြား လူငယ်တွေ ဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

၁၃။ အဲလိုမိမိကိုယ်ကို သတ်သေတဲ့သူအား ကယ်တင်ဖို့ မဖြစ်နိုင်တော့တဲ့ အဆုံးမှာ ခရစ် တော် ယေဇူးက “အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏”လို့ (ရှင်မာတေဦး အခန်း ကြီး၂၆၊ အခန်း ငယ်၂၄)မှာ ယူကြုံးမရ ဝမ်းနည်းတော်မူခဲ့ပါတယ်။

၁၄။ မူးပြီးယာဉ်မောင်းသူ၊ မဆင်မခြင်ယာဉ် မောင်းသူ၊ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသူ၊ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ မူးယစ် ဆေးဝါးအလွန်အကျွံ စွဲလန်းသုံးစွဲသူ၊ ကိုယ်လက် လှုပ်ရှားမှု နည်းပါးသူ (ပက်လက်လန်ပြီး ဖုန်းပွတ်နေလို့)၊ အကြိုက်စာ (ကြိုက်တယ်စားမယ် ပြီးမှ ဆေးသောက်လိုက်မယ်)၊ အမြန်စာ (မြန် လေကောင်းလေ အချိန်မရှိဘူး)၊ အသင့်စာ (အပင်ပန်းခံပြီး ချက်မနေဘူး၊ ပိုက်ဆံမရှိတာ မှတ်လို့) ဆိုတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစာတွေ မဆင်မခြင်စားသုံးသူ၊ အပျို၊ လူပျို၊ အိမ်ထောင်သည် သစ္စာမရှိသူ စတာတွေဟာ မိမိကိုယ်ကို အနှေးနည်း(သို့)အနုနည်းနဲ့သတ် နေတဲ့ အမျိုးအစားထဲ ပါတယ်တဲ့။ အစားအသောက် မဆင်ခြင်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကို အခြေခံတဲ့ဆီးချို၊ ကင်ဆာနဲ့ နှလုံးရောဂါကြောင့် နှစ်စဉ်ကမ္ဘာ့လူသားသန်းပေါင်း ၄၁သန်း သေနေတယ်၊ ခေတ်ပေါ် ခုခံအား ကျဆင်းမှုရောဂါကြောင့် နှစ်စဉ် လူတစ်သန်းလောက် သေနေတယ်လို့  ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

၁၅။ “လူ့အသက်ကို မသတ်နှင့်”လို့ (ထွက် မြောက်ရာကျမ်း အခန်းကြီး၂၀၊ အခန်းငယ် ၁၃) မှာ ပဉ္စမပညတ်တော်နဲ့ တားမြစ်ထားပါတယ်။ သူတစ်ပါး အသက်သတ်ခြင်းကို လေ့လာကြည့် ရင် တိုက်ရိုက်သတ်ခြင်းနဲ့ သွယ်ဝိုက်သတ်ခြင်း ဆိုပြီးနှစ်မျိုး တွေ့နိုင်ပါတယ်။ ခိုက်ရန်ဖြစ်ပွားညှင်းဆဲ သတ်ဖြတ်တာ၊ ကိုယ်ဝန်ဖျက်ချတာတွေဟာ တိုက်ရိုက်လူသတ်ခြင်း သာဓကအချို့ ဖြစ်နိုင်ပါတယ်။ လက်နက်၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်း၊ မူးယစ်ရမ်းကား ခြင်း၊ မဆင်မခြင်ယာဉ်မောင်းခြင်း၊ ဟင်းသီးဟင်းရွက်မှာ ပိုးသတ်ဆေးဓာတုဆေးတွေ မဆင်မခြင် ပက်ဖြန်းအသုံးပြုခြင်း၊ စားသောက် ကုန်တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ တာရှည်ခံဆေး၊ အမြန်မှည့်ဆေးတွေသုံးခြင်း၊ အရက် တုတွေ၊ အရက်မသန့်တာတွေ ချက်လုပ်ရောင်း ဝယ်ခြင်းစတာတွေဟာ သွယ်ဝိုက်နည်းနဲ့လူ သတ်တဲ့ သာဓက အချို့ဖြစ်နိုင်ပါတယ်။

၁၆။ ကျနော့် ကိုယ်တွေ့အဖြစ် ကလေးတစ်ခု ပြောပြအုံးမယ်။ ကျနော် စီရင်စုတစ်ခုမှာ တာဝန် ကျတုန်းက ကျနော့် ထမင်းချက်ကို ပြောတယ်။ တနင်္ဂနွေနေ့ပူဇော်ခြင်း အလှူကနေရတဲ့ ဟင်းသီးဟင်းရွက်တွေ ငါ့ကို ချက်မကျွေးနဲ့၊ ပိုးသတ် ဆေးတွေ ဘာတွေ လတ်လတ်လောလော ဖျန်းထားတာတွေ ပါနိုင်တယ်၊ ကိုယ့်အခင်းထဲကပဲ ရှိတာချက်ပါလို့။ နောက်နှစ်ပတ်လောက်ကြာတော့ ကျနော့်ထမင်းချက်က ကျနော့်ကို သတင်း ပြန်ပို့တယ်။ အလှူရှင်က မှာလိုက်တယ်။ ပူဇော် ခြင်းမှာလှူတဲ့ ဟင်းသီးဟင်းရွက်တွေက “ရောင်းဖို့စိုက်တဲ့အခင်းထဲက ယူပြီး လှူတာမဟုတ်ဘူး၊ အိမ်မှာစားဖို့ စိုက်တဲ့အခင်းထဲက ယူပြီး လှူ တာ၊ ဘုန်းဘုန်းစိတ်ချလက်ချသာ စားပါ”တဲ့။ ကဲ ဘယ်လိုလုပ်မလဲ ကျေးဇူးရှင်ရယ်။

၁၇။ အစာထုတ်လုပ် ရောင်းဝယ်ခြင်းမှာ အသက်ကို အဓိကထားရင် အာဟာရဖြစ်စေပြီး၊ ငွေကြေးအမြတ်အစွန်းကိုသာ အဓိကထားရင် တော့ အဆိပ် ဖြစ်သွားနိုင်ပါတယ်။ ချက်ခြင်းမသေလို့သာ လူတွေက သိပ်မရိပ်မိတာပါ။ (ပ- တီမောသေ၊ အခန်းကြီး၆၊ အခန်းငယ်၁၀)မှာ “ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုမှန် သမျှ၏ အရင်းအမြစ် ဖြစ်သောကြောင့်တည်း” ဆိုတာဟာ သေရေးရှင်ရေး အဆုံးအမတရား ဖြစ်ပါတယ်။ လူ့အသက်ကို တိုက်ရိုက်ပဲသတ်သတ်၊ သွယ်ဝိုက်ပဲ သတ်သတ်၊ ဝိညာဉ်ရေး ရှုထောင့်ကနေ ကြည့်ရင် လူသတ်မှုပါပဲ။ “လူ့ အသက်သတ်ခြင်း အမှုအရာများကို ပြုမူကျင့် ကြံသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော် ကို အမွေခံရလိမ့်မည်မဟုတ်” လို့ (ဂါလားဆီ ယာသြဝါဒ၊ အခန်းကြီး၅၊ အခန်းငယ်၂၁)မှာ ကျမ်းစာတော်မြတ်က ပြတ်ပြတ်သားသား ဆုံးမထားပါတယ်။ အသက်ပေးတဲ့ ဘုရားကို ရိုသေရှိခိုးသလို၊ ဘုရားပေးတဲ့ အသက်ကိုလည်း ရိုသေစောင့်ရှောက်ကြပါစို့။

(ဃ) စတုတ္ထအချက် အနေနဲ့ အချိန် သေခြင်းအကြောင်း စဉ်းစားစေချင်ပါတယ်။

၁၈။ ဘုရားက လူ့ဘဝကို အချိန်တွေနဲ့သတ်မှတ် ကန့်သတ်တည်ဆောက် ပေးထားပါတယ်။ ဒါ ကြောင့် “လူ့ဘဝဟာ အချိန်၊ အချိန်ဟာ လူ့ဘဝ” ဆိုရင် မမှားပါဘူး။ ခုခေတ်မှာ ဖုန်းပွတ်ပြီး အချိန်ကုန်၊ ဖုန်းထဲမှာပဲ အချိန်ကိုမြုပ်နေကြလို့ လက်ကိုင်ဖုန်းတွေဟာ အချိန်ရဲ့ သင်္ချိုင်းဂူတွေ ဖြစ်နေပါပြီ။ သင်္ချိုင်းဂူဟာ သုသာန်မြေမှာ မဟုတ်တော့ဘဲ လူ့လက်ဖဝါးထဲမှာ ရောက်နေ ပါပြီ။ “သင်တို့သည် အမှတ်အသား မရှိသည့် သင်္ချိုင်းဂူများနှင့်တူကြ၏” ဆိုတဲ့ (ရှင်လုကာ အခန်းကြီး၁၁၊ အခန်းငယ်၄၄)ရဲ့ ကျမ်းစကား ပြည့်စုံဖို့ ကြိုးစားနေကြတာလား။ “ဤနေ့ရက် ကာလသည် ဆိုးညစ်သော ကာလဖြစ်သောကြောင့် သင်တို့သည် အချိန်ကို ကောင်းစွာ အသုံးချကြလော” ဆိုတဲ့ (ဧဖက်အခန်းကြီး၅၊ အခန်းငယ်၁၆)ရဲ့ ကျမ်းစကား ပြည့်စုံဖို့ ပိုအားထုတ်ရင် ပိုမကောင်းပေဘူးလားလို့ တရားပေးချင်ပါတယ်။

(င) ပဉ္စမအချက်အနေနဲ့ သဘာဝပတ်ဝန်းကျင် သေခြင်းအကြောင်း ထောက်ပြချင်ပါတယ်

၁၉။ ထာဝရအရှင် ဘုရားသခင်သည် လူကို ယူ၍ ဧဒင်ဥယျာဉ်ကို စောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏ (ကမ္ဘာဦးကျမ်းအခန်းကြီး၂၊ အခန်းငယ်၁၅)။ လူဟာ မိမိမှီတင်းနေထိုင်ရာ ဧဒင်ဥယျာဉ်ဖြစ်တဲ့ ကမ္ဘာမြေနဲ့သဘာဝပတ်ဝန်း ကျင်ကို မစောင့်ရှောက်ဘဲ မဆင်မခြင် ဖျက်ဆီးနေတယ်။ ကမ္ဘာမြေဟာရဲ့ ရေလှောင်စက်၊ လေသန့်စက်နဲ့ ရာသီဥတု ထိန်းညှိစက်ဖြစ်တဲ့ သစ်ပင်သစ်တောတွေဟာ လူတွေကြောင့် အကန့်သတ်မဲ့ ဆုံးရှုံးနေတယ်။ နောင်အနှစ်၃၀ ကြာရင် ပင်လယ်သမုဒ္ဒရာထဲမှာ ငါးထက် လူတွေပစ်တဲ့ ပလပ်စတစ်အမှိုက်တွေ ပိုများလိမ့် မယ်။ ဆိုင်ကယ်၊ ကား၊ စက်ရုံနဲ့ တောမီး အခိုးအငွေ့တွေကနေ ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် ကျွန်ုပ်တို့ အသက်ရှင်နေတဲ့ ဒီရာစုနှစ်မှာ ကမ္ဘာကြီးအပူချိန် သုံးဒီဂရီ တိုးမယ်ဆိုတာ ရှောင်လွှဲလို့ မရနိုင်တော့ဘူးလို့ ၂၀၁၉ခုနှစ် ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့က သဲကန္တာရမှာ ရှင်ယောဟန် ဗတ္တိစတားဟစ်ကြော်သလို ဟစ်ကြော် သတိပေးနေပါတယ်။

၂၀။ လူသားတွေ သက်ရှင်နေထိုင်ဖို့ ကမ္ဘာမြေ ဒီတစ်ခုထဲပဲ ရှိတာပါ။ (ကမ္ဘာဦးကျမ်း အခန်း ကြီး၄၊ အခန်းငယ်၉) မှာ လူသတ်သမား ကိန်နက “အကျွန်ုပ်မသိပါ၊ အကျွန်ုပ်သည် ညီကို  စောင့်ရသူ ဖြစ်ပါသလော”လို့ မိမိပတ်ဝန်း ကျင်နဲ့မဆိုင်သလို မသိသလိုဘုရားကို ပြန်ပြောတဲ့အခါ၊ ဘုရားက “သင့်ညီသွေးရဲ့အသံဟာမြေထဲကနေ ငါ့ကို အော်ဟစ်လျက်ရှိသည် တကား”လို့ချက်ခြင်း ထောက်ပြတော်မူခဲ့ပါ တယ်။ ယခုအခါ နေရာတကာမှာ ဖြစ်နေတဲ့ ရာသီဥတု အစွန်းရောက် ဆိုးဝါးဖောက်ပြန်မှုတွေဟာ လူတွေက ငါ့ကို ဖျက်ဆီးသတ်ဖြတ်နေ ကြပြီလို့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်က ဘုရားထံ အော်ဟစ်တိုင်ကြားတဲ့ အသံဖြစ်တယ်ဆိုတာ လူသားတိုင်း အသိဝင်ဖို့ အချိန်တန်ပြီ။ ဘယ်လူသားမှ အထူးသဖြင့် ဘယ်ခရစ်ယာန်မှ ကိန်နကဲ့သို့ ကိုယ့်ကမ္ဘာမြေနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မသိသလို မဆိုင်သလိုနေလို့ မရပါဘူး။ လူ့ဝတ္တရား၊ ခရစ်ယာန်ဝတ္တရား ပျက်ကွက်တာ ဖြစ်ပါလိမ့်မယ်။

၂၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာ့ သဘာ၀ ပတ်ဝန်းကျင်အားလုံး ပျက်စီးရင် လူသားအားလုံး ပျက်စီးမယ်။ “ဘုရားက အမြဲ ခွင့်လွှတ်တတ်တယ်၊ လူက တခါတရံ ခွင့်လွှတ် တတ်တယ်၊ သဘာဝတရားကတော့ ဘယ် တော့မှ ခွင့်မလွှတ်တတ်ဘူး” ဆိုတာသိထားပါ။ “သဘာဝကို ဖျက်ဆီးသူဟာ သဘာဝရဲ့ ဖျက် ဆီးခြင်းအမှန် ပြန်ခံရမယ်” လို့ မကြာခင်က ထပ်မံသတိပေးခဲ့ပါတယ်။

(စ) နိဂုံး
၂၂။ အားလုံးကို ပြန်ချုံကြည့်ရင် အသက်ဖန် ဆင်းတဲ့ဘုရားကို လူက ဆန့်ကျင်ပြီး အပြစ်နဲ့ သေခြင်းကို ဖန်တီးတယ်။ ဘုရားပေးတဲ့ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတယ်။ သူတစ်ပါးကို သတ်တယ်၊ မိမိအချိန်ကို သတ်တယ်၊ မိမိကိုယ်ကို သတ်တယ်၊ အဲဒီလူသား ဘယ်မှာ သွားနေမလဲ။ ထာဝရငရဲပဲ ကျန်တော့တယ်။ သင်္ချိုင်းဟာ ငရဲတံခါးဝ မဖြစ်ရဘူး။ သင်္ချိုင်းဟာ ကောင်းကင်တံခါးဝပဲ ဖြစ်ရမယ်။ ခရစ်တော်ကို ယုံကြည်သူတွေ ခရစ်တော်လိုနေတတ်မှ ငရဲတံခါးပိတ်မယ်။ ခရစ်တော်ကို ယုံကြည်သူတွေ ခရစ်တော်လိုသေတတ်မှ ကောင်းကင် တံခါးပွင့်မယ်လို့ ဝေမျှရင်း သြဝါဒနိဂုံးချုပ် ပါတယ်။

သေလွန်သောသူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍၊ ငြိမ်သက်ချမ်းသာစွာ ရှိစေသော်။ အာမင်။


Fr. Joseph Ki Khui Om


2019-12-06 03:04:29
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.